သြစတြေးလျ အရှေ့တောင်ပိုင်း၌ မိုးသည်းပြီး ရေကြီး၊ အရေးပေါ်သတိပေးချက် ထုတ်ပြန်

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ် ၃ က တချို့ ဒေသတွေမှာ မိုးသည်းထန်ပြီး ရေကြီးတာနဲ့ ကြုံနေရတာကြောင့် စနေနေ့အထိ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
လူရာပေါင်းများစွာကို ရေဘေးသင့်နေရာတွေကနေ ဘေးလွတ်ရာကို ကယ်ထုတ်ထားရပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်ထဲက အစိတ်အပိုင်း အတော်များများမှာ ရေဘေးသတိပေးချက် ဆက်လက် ထုတ်ပြန်ထားပြီး၊ ကောင်းကင် ဓာတ်ပုံတွေအရ ရိုချက်စတာ ဒေသမှာ ရေမြှုပ်နေတာကို တွေ့ရပါတယ်။
နိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ ဒီတပတ် အစောပိုင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ပုံမှန်နှစ်တွေမှာ တလလောက် ရွာသွန်းတဲ့ မိုးရေချိန်နဲ့ ညီမျှနေတယ်လို့ မိုးလေဝသ ဌာနက ဆိုပါတယ်။
ဗစ်တိုရီးယား ပြည်နယ်မြို့တော် မဲလဘုန်းမြို့ရဲ့ မြောက်ဘက် ၁၂၄ မိုင် အကွာမှာ ရှိတဲ့ ရိုချက်စတာ ဒေသမှာ ရေဘေးအတွင်း သေဆုံးသွားတဲ့အမျိုးသားတယောက်ရဲ့ အလောင်းကို တွေ့ရှိရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဗစ်တိုရီးယားပြည်နယ် ဝန်ကြီးချုပ် ဒန်နီရယ် အန်ဒရူးက ပြည်နယ်အတွင်းမှာ လမ်းပေါင်း ၃၄၄ ခုကို ပိတ်ထားပြီး၊ အရေးပေါ် ထောက်ပံ့ကြေး တောင်းခံသူ ၃ ထောင်ကျော် ငွေကြေးထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။
ပြည်နယ်ထဲက တချို့ ဒေသတွေမှာ ရေမကျသေးတာကြောင့် ရေကြီးတာ ဆက်ကြုံရနိုင် တယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။