အာဏာသိမ်းစစ်ခေါင်းဆောင် လုံခြုံရေးယာဉ်တန်း ၁၆ စီးဖြင့် ပုသိမ်အထည်ချုပ်စက်ရုံလာကြည့်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လုံခြုံရေး ယာဉ်တန်း ကား ၁၆ စီးနဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာရောက်ရှိလာပြီး အသစ်ဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံကို လာရောက် ကြည့်ရှုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ် - ငပုတောသွားတဲ့ ကားလမ်းဘေးမှာရှိတဲ့ ပုသိမ်စက်မှုမြို့တော်ဝန်းထဲက အာဏာသိမ်းပြီး နောက်ပိုင်း ဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံတွေကို လာကြည့်တာလို့ ဒေသခံတွေက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက လူကြီးလမ်းကြောင်းရှိတယ်လို့တော့ သိထားတယ်။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အသစ်ဆောက်ထားတဲ့ ကိုးထပ်ဆေးရုံကြီးကို ဝန်ကြီးချုပ်နဲ့ တိုင်းမှူး အရင်လာကြည့်တယ် တခြားနေရာတွေလည်း လိုက်စစ်တာရှိတယ်။ ပြီးတော့ လမ်းဘေး ပလက်ဖောင်းတွေကို ထုံးသုပ်ရတယ်၊ ရပ်ကွက်အလိုက်မှာလည်း လုံခြုံရေးတိုးချထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မနက် ၉ နာရီခွဲလောက်မှာ စစ်ခေါင်းဆောင်ကို ပုသိမ်ကနေ ကန်ကြီးထောင့်ထိ သွားကြိုတာဖြစ်နိုင်ပြီး မနက် ၁၀ နာရီကျော်လောက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်နေတဲ့ ဆိုတဲ့သတင်းထွက်ပေါ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဘက်ကတော့ ပုသိမ်မြို့ကို စစ်ခေါင်းဆောင်ရောက်ရှိနေတာ ဖြစ်နိုင်ခြေများတယ်လို့ ပြောပါတယ်။