ဘူးသီးတောင်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းခေါင်မိုး ပျက်စီးပြီး ၃ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အောက်တိုဘာ ၂၃ ရက် နေ့လယ်က စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဖိုးခေါင်ချောင်းကျေးရွာ စာသင်ကျောင်းခေါင်မိုး ပျက်စီးပြီး ပြည်သူ ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖိုးခေါင်ချောင်ရွာခံတဦးက "ဂူတာပြင်ကျေးရွာမှာ အခြေစိုက်နေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာ။ အဲ့ဒီစာသင်ကျောင်းခေါင်မိုးတွေ ပြိုပျက်သွားတယ်။ အဲ့ဒီစာသင်ကျောင်း မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၃ ဦး ဒဏ်ရရသွားကြတယ်" လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူ ၃ ဦးကတော့ ဘူးသီးတောင်မြို့နယ် ငပျော့ချောင်းကျေးရွာမှ မောင်ဖြိုးသန်းချေ၊ ဖိုးခေါင်းချောင်း (မူဆလင်) ကျေးရွာမှ မာမောက်အန္နဝါနဲ့ ဦးကာလူ တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ငပျော့ချောင်းကျေးရွာမှ ကိုဖြိုးသန်းချေတို့ မိသားစုဝင် ၆ ယောက်ဟာ ဂူတာပြင်ကျေးရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာ ၇ ရက်က ဖိုးခေါင်ချောင်းစာသင်ကျောင်းမှာ စစ်ဘေးခိုလှုံနေတာဖြစ်ပြီး ဦးကာလူ နဲ့ မာမောက်အန္နဝါတို့ နှစ်ဦးကတော့ စာသင်ကျောင်းထဲ အလုပ်လုပ်နေကြစဉ် လက်နက်ကြီးကျည်ကျရောက်ပြီး ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာပါ။
အလားအတူ အောက်တိုဘာ ၂၃ ရက်မနက် ၉ နာရီကလည်း စစ်ကောင်စီ ရေယာဉ်နှစ်စီးဟာ ရသေ့တောင်မြို့ ကျောက်တန်းတိုက်နယ်၊ ထီးစွဲရွာမှာ စခန်းချနေရာယူထားတဲ့ စစ်ကြောင်းကို မေယုမြစ်အတိုင်း ရိက္ခာလာပို့စဉ် ရေလမ်းတလျှောက် ဝဲ/ယာရှိ လူနေကျေးရွာတွေအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
"ရသေ့တောင်မြို့က ထွက်လာတဲ့အချိန်ကစပြီးပစ်တာ ပြန်လာတဲ့အချိန်ထိပစ်တာ အားလုံး ၁၀၀ လောက်ပစ်ခဲ့တာ။" လို့ ဒေသခံတဦးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က တဖက်သတ် ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။