close

ဘူးသီးတောင် ဒိုင်းနက်ပြင်ကျေးရွာသား ၁ ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ကျေးရွာသား တယောက် အောက်တိုဘာ ၁၈ ရက် မနက် ၁၁ နာရီလောက်က လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားတယ်လို့  ဒေသခံကျေးရွာသားတွေထံက သိရပါတယ်။

သေဆုံးသွားသူဟာ ဒိုင်းနက်ပြင် ကျေးရွာနေ အသက် ၄၃ နှစ်အရွယ် မာမတ်အီနုရ်ဖြစ်ပြီး ယာခင်းထဲအသွားမှာ လက်နက်ကြီးကျည်စထိမှန်သွားခဲ့တာလို့ ဒေသခံရွာသား တယောက်က ပြောပါတယ်။

“သူက မနက်ပိုင်းမှာ ယာခင်းထဲကိုသွားတဲ့အချိန်မှာ လက်နက်ကြီး ကျည်စထိပြီး ထိခိုက်ဒဏ်ရာရသွားတာ။ ရွာသူရွာသားတွေက သူ့ကို သွားယူကြတယ်။ ဒဏ်ရာက ဝမ်းဗိုက်နဲ့ ညာဘက်လက်မောင်းမှာ ထိတယ်။ ပေါင်မှာလည်း ထိတယ်။ ဒဏ်ရာရပြင်းထန်တဲ့အတွက် ဘူးသီးတောင်ဆေးရုံကို ပို့ကြတယ်။ ဆေးရုံမှာ ဆေးကုသမူခံယူနေဆဲ ညနေ ၄ နာရီလောက်မှာ ဆုံးသွားတာ။”

ဘူးသီးတောင်အခြေစိုက် ကင်းတောင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ၅၅၁ တပ်ရင်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာကျည်စတွေ ထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသတွေက ပြောဆိုကြပါတယ်။

“လက်နက်ကြီး နေ့တိုင်း ပစ်နေကြတာက ၅၅၁ နဲ့ ၅၅၂ တို့ကပစ်နေတာ။ ဒီနေ့မှာတော့ ၅၅၁ ကပဲ ပစ်နေတာ ကြားနေရတယ်”လို့ ဒေသခံရွာသားက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး အသက်  ၇  နှစ်အရွယ် မောင်အာမာန်ဖာရူစ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

ဘူးသီးတောင်- ညောင်ချောင်းလမ်းမှာ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ အချိန်တိုင်းပစ်ခတ်နေလို့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားရတယ်လို့ ဘူးသီးတောင် ပညာရေးဌာနကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ လူနေရပ်ကွက်၊ ကျေးရွာတွေကို ကျရောက်ပေါက်ကွဲလို့  သြဂုတ် ၂၈ ရက်မှ ဒီနေ့အထိ သေဆုံးသူ ၈  ယောက် နဲ့ ဒဏ်ရာရသူ ၁၆ ယောက်လောက်ရှိတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up