close

ကမာကြည်တံတားပေါ်က ခုန်ချခဲ့သည့် အမျိုးသမီး ရုပ်အလောင်း ပြန်တွေ့

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသမီး ရုပ်အလောင်းကို အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁ နာရီကျော်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက ခုန်ချသွားတဲ့ အမျိုးသမီးကို ဒီနေ့ နေ့လယ် ၁ နာရီကျော်က တံတားနဲ့ ကိုက် ၅၀၀ အကွာမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ (ခ) ရပ်ကွက်အခြေပြုပရဟိတအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်တွေ့တာပါ။ ၁ နာရီ ၁၅ မိနစ်က တံတားနဲ့ ကိုက် ၅၀၀ အကွာမှာ တွေ့တာ။ မြို့ဦးလုလင်အသင်းကတော့ စံပြဆေးရုံ ရေခဲတိုက်ကို ပို့မယ်လို့ ပြောတယ်။”

သေဆုံးသူဟာ မဇာခြည်ဆိုသူဖြစ်ပြီး လတ်တလောမှာ တောင်ဒဂုံမြို့နယ် စံပြဆေးရုံ ရေခဲတိုက်ကို ပို့ဆောင်ထားပြီး မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ (ခ) ရပ်ကွက် အခြေပြုပရဟိတအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“post ရဲ့အောက်မှာ သူ့နာမည် မဇာခြည်ဆိုပြီး လာမန့်တယ်။ လတ်တလောတော့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး။”

တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ ကမာကြည်တံတားဘက်အခြမ်းမှာ အမျိုးသမီးတယောက် အောက်တိုဘာ ၂၄ ရက် မနက် ၉ နာရီက တံတားပေါ်ကခုန်ချပြီး သုံးရက်အကြာမှာ ရုပ်အလောင်း ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ခုန်ချခဲ့တဲ့ အမျိုးသမီးဟာ ငမိုးရိပ်ချောင်းအတွင်း မခုန်ချမီ လက်ကိုင်ပိုက်ဆံအိတ်၊ ဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို တံတားပေါ်မှာ ထားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း အမျိုးသားတယောက် ငမိုးရိပ်ချောင်းထဲ ခုန်ချခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့လတွေကလည်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ မြစ်ကူးတံတား၊ ချောင်းကူးတံတားတွေကနေ ရေထဲခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့လို့ သေဆုံးသူ ၉ ယောက်ထက်မနည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up