ဆူဒန်တွင် စစ်အာဏာသိမ်းနှစ်ပတ်လည် အထိမ်းအမှတ် ချီတက်ဆန္ဒပြ

ဆူဒန်နိုင်ငံက ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရပ်တန့်စေခဲ့တဲ့ စစ်အာဏာသိမ်းမှုရဲ့ ပထမဆုံး နှစ်ပတ်လည်နေ့ကို အောက်တိုဘာ ၂၅ ရက်မှာ အထိမ်းအမှတ် ပြုလုပ်ခဲ့ကြပြီး ဇန်နဝါရီလတုန်းက လူထုချီတက်ပွဲနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ခါတွန်မြို့တော်ရှိ သမ္မတနန်းတော်နဲ့ နိုင်းမြစ်တဖက်ကမ်းက အွမ်ဒူရ်မန်မြို့ကို ချီတက်လာကြတာကြောင့် ပြင်းထန်တဲ့ မျက်ရည်ယိုဗုံးတွေနဲ့ အသံဗုံးတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။
သူတို့ဟာ မနှစ်က ဆန္ဒပြပွဲသိမ်းတဲ့ပုံစံအတိုင်း နေမဝင်ခင် နန်းတော်မှ ၁ ကီလိုမီတာ ဝန်းကျင်မှာ လူစုခွဲခဲ့ကြပါတယ်။ ညနေ ၆ နာရီနောက်ပိုင်းအထိ အင်တာနက် ဝန်ဆောင်မှုတွေကို ပိတ်ဆို့ထားကြောင်း စောင့်ကြည့်ရေးအဖွဲ့ Netblocks က ပြောပါတယ်။
အွမ်ဒူရ်မန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ထရပ်ကား တိုက်မိလို့ လူ ၁ ယောက် သေဆုံးသွားကြောင်း ဆန္ဒပြလှုပ်ရှားမှုဘက်က ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီက ပြောပါတယ်။ ဆန္ဒပြပွဲတွေမှာ သေဆုံးသူ ၁၁၉ ယောက် ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဆီ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ခြင်းတုံ့ပြန်ခြင်း မရှိပါဘူး။
ဆူဒန်ရဲတပ်ဖွဲ့က သူတို့ဟာ စစ်တပ်ဖွဲ့စည်းတုန်းက လက်နက်ကိုင်လေ့ကျင့်ထားဖူးတဲ့ တပ်ဖွဲ့ဝင်လို့ ဆိုသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြောကြားပြီးတော့ သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ အထူးအုပ်ချုပ်ခွင့်ကို တောင်းဆိုခဲ့ပါတယ်။
ဆူဒန်နိုင်ငံမှာ ၂၀၁၉ ခုနှစ်က အိုမာ အယ်လ်ဘာရှား ဖြုတ်ချခံရပြီးနောက် စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဆူဒန်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရပ်တန့်သွားခဲ့ပြီး အကျပ်အတည်းဖြစ်နေတဲ့ စီးပွားရေး ကမောက်ကမဖြစ်ကာ ထပ်ပြီး ထိုးကျသွားခဲ့ရပါတယ်။