close

KG+12 ပညာရေးစနစ်၏ Grade-12 ကို လာမည့်နှစ် ဖွင့်လှစ်မည်

လာမယ့်ပညာသင်နှစ်မှာ KG+12 ပညာရေးစနစ်ရဲ့ နောက်ဆုံးအတန်းဖြစ်တဲ့ Grade-12 ကို ဖွင့်လှစ်သင်ကြားတော့မှာဖြစ်တဲ့အတွက် စာသင်ခန်းလိုအပ်ချက်နဲ့ တခြားလိုအပ်ချက်တွေကို တွက်ချက် စာရင်းပြုစ်တင်ပြပေးဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီရဲ့ပညာရေးဌာနက သိရပါတယ်။ 

KG+12 ပညာရေးစနစ်ရဲ့ Grade-12 ကို ဖွင့်လှစ်မှာဖြစ်သလို တနိုင်ငံလုံးက ခရိုင် ၅၀ မှာလည်း စက်မှု - စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း ၅၀ ကိုလည်း ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

အဲဒီကျောင်းတွေမှာ KG+12 ပညာရေးစနစ်ကို သင်ကြားမှာဖြစ်ပေမဲ့ Grade-9 အောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစသဖြင့် မိမိတို့ဝါသနာပါရာကို အထူးပြု တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ 

Grade-12 ကို စတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃ ခုနှစ်မှာ ကျင်းပမှာဖြစ်တာကြောင့် အခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် နောက်ဆုံးတကြိမ်အဖြစ် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထားပါတယ်။

KG+12 ပညာရေးစနစ်သစ်ကို အရင်အစိုးရလက်ထက် ပညာရေးဝန်ကြီးဌာနက စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး တဦးတယောက်မှ မကျန်ခဲ့စေရဆိုတဲ့ မူဝါဒနဲ့ ဘက်စုံ လွှမ်းခြုံ နိုင်တဲ့ ပညာရေးတခုအဖြစ် ဆောင်ရွက်ခဲ့တာကို စစ်ကောင်စီပညာရေးဌာနက ဆက်လက် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

အခုအခါ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတချို့ဟာ စစ်ဘေးရှောင်နေရပြီး တချို့ကျောင်းသား၊ ကျောင်းသူတွေက NUG က ဖွင့်လှစ်တဲ့ ကျောင်းတွေ မှာ ပညာသင်ကြားခွင့် ရရှိနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up