close

တမူးခရိုင် ပို့/ဆက်ရုံးကို တမူး PDF မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း တမူးမြို့၊ စော်ဘွား ၅ ရပ်ကွက်၊ အာရှလမ်းမှာရှိတဲ့ တမူးခရိုင် ပို့ဆောင်ရေးစီမံ ကိန်းဦးစီးဌာနရုံးမှာ အောက်တိုဘာ ၂၈ ရက်က မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမူး‌မြို့ခံတဦးက “ညနေ ၄နာရီဝန်းကျင်မှာ မီးကလောင်တာ။ ရှို့မီးပဲ ဖြစ်နိုင်တယ်။ တချိန်တည်းမှာ ပစ်ခတ်သံတွေ၊ လက်နက်ကြီးသံတွေလည်း ထွက်ပေါ်နေတာ။ မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်သွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန(ပို့/ဆက်ရုံး) မီးလောင်မှုနဲ့ပတ်သက်ပြီး PDF အဖွဲ့တွေက ရုံး နဲ့ စာရွက်စာတမ်းတွေကို မီးရှို့သွားတာကြောင့် မီးလောင်ကျွမ်းခဲ့တာလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမီဒီယာ‌တွေက ထုတ်ပြန်ပါတယ်။

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံး မီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက "ကျနော်တို့ တမူး PDF ဘက်က မီးရှို့လိုက်တာပါ။ အဓိကက တော့ စစ်ကောင်စီရဲ့ ယန္တရားမလည်ပတ်နိုင်အောင် လုပ်ဆောင်လိုက်တာပါ။ အဲဒီရုံးမှာ Non CDM ဝန်ထမ်းတွေလည်း ရုံးတက်ကြတယ်။ စာရွက်စာတမ်းတွေ မီးလောင်သွားအောင် လုပ်ဆောင်တာဖြစ်တယ်။ မီးလောင်နေစဉ် စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေ ရှိတယ်။ ကျနော်တို့ဘက်ကလည်း လက်နက်ကြီး‌တွေနဲ့ ခုခံပစ်ခတ်ခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာ ရသူတွေတော့ မရှိဘူး။” လို့ ပြောပါတယ်။

အဆိုပါရုံး မီးလောင်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ 

တမူးခရိုင် မီးသတ်ဦးစီးဌာနကတော့ မီးလောင်တာနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုးကို ခန့်မှန်းစိစစ်တွက်ချက်နေတုန်း ဖြစ်တယ်လို့ ‌ဒေသတွင်း သတင်းရင်းမြစ်တွေကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်က တမူးမြို့ စော်ဘွား ၅ ရပ်ကွက်ရှိ ကညနရုံးနဲ့ ဇွန် ၄ ရက်တွေကလည်း တမူးမြို့ စော်ဘွားအင်းရပ်ကွက်ရှိ ပညာရေးမှူးရုံးမှာ မီးလောင်မှု ဖြစ်ခဲ့ပါသေးတယ်။ 

လတ်တလော တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up