close

စစ်တွေအမြင့်ကျွန်းမှ စက်လှေပိုင်ရှင် ၉ ဦးကို စစ်ကောင်စီအမှုဖွင့်

ရခိုင်ပြည်နယ် စစ်တွေမြို့ အမြင့်ကျွန်း၊ မင်းချောင်းတံတားမှာ အောက်တိုဘာ ၁၂ ရက်က ဖမ်းဆီးခဲ့တဲ့ စက်လှေပိုင်ရှင် ၉ ယောက်ကို ပြည်တွင်းရေကြောင်းသွား ရေယာဥ်ဥပဒေပုဒ်မ -၄၃ နဲ့ စစ်တွေမြိုမရဲစခန်းမှာ အမှုဖွင့်လိုက်ပြီလို့ စက်လှေပိုင်ရှင်တွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စက်လှေပိုင်ရှင်မိသားစုဝင် တဦးက "သူတို့ကို ဖမ်းတာက အမြင့်ကျွန်းတံတားမှာ ဖမ်းတာ။ စက်လှေတွေ နဲ့ ပိုင်ရှင်တွေကို ဖမ်းတာ။ ပိုင်ရှင်တွေကိုတော့ အောက်တိုဘာ ၂၂ ရက်က အာမခံနဲ့ လွှတ်ပေးပြီးမှ အခု ရေကြောင်းဥပဒေပုဒ်မနဲ့ အမြင့်ကျွန်းရဲစခန်းက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာ" လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ စက်လှေနဲ့ ပိုင်ရှင်တွေဟာ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ကုန်ပစ္စည်း ပို့ဆောင်တဲ့ စက်လှေတွေဖြစ်ပြီး ရေချမ်းပြင်၊ သင်းပုန်းတန်း၊ စေတီပြင်၊ ရသေ့တောင်၊ မန်းကျည်းချောင်း နဲ့ အမြင့်ကျွန်း ကျေးရွာတွေက စက်လှေနဲ့ ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။

စက်လှေပိုင်ရှင် ၉ ယောက်နဲ့ စက်လှေ ၉ စီးကို စစ်ကောင်စီက အောင်တိုဘာ ၁၂ ရက် ညနေ ၅ နာရီလောက်က အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားအောက်မှာ ဆိုက်ကပ်ထားစဥ် စစ်ကား ၄ စီးနဲ့ လာရောက် ဖမ်းဆီးသွားခဲ့ကြတာပါ။

ပြည်တွင်ရေကြောင်းသွား ရေယာဉ်ဥပဒေပုဒ်မ- ၄၃မှာ ပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ ငွေဒဏ် ၅ သိန်းမှ ၂၅ သိန်းအထိ ချမှတ်နိုင်သည့် ပုဒ်မတခုဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေတွေက ပြောပါတယ်။

ရေကြောင်းကန့်သတ်ခံထားရတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊  မောင်တော၊ အငူမော်စတဲ့ မြို့နယ်တွေကို ဆေးဝါးနဲ့ စားသောက်ကုန်တချို့ကို စက်လှေတွေနဲ့  ပို့ဆောင်နေတာကြောင့် အခုလို အရေးယူရတာလို့ ရဲအရာရှိ တဦးက ​ပြောပါတယ်။

စစ်ကောင်စီက ရခိုင်မြောက်ပိုင်းဒေသကို ကုန်းလမ်း၊ ရေလမ်း  ပိတ်ထားတာဟာ ၃ လ ဝန်းကျင် အထိ ရှိလာနေတာကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောစတဲ့ ဒေသဘက်က လူဦးရေ ၁ သန်းကျော်ခန့်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့  ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up