close

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ထိတွေ့ညှိနှိုင်းရန် အာဆီယံကို မလေးရှားတိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့အပြင် တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ ထိတွေ့ညှိနှိုင်းဖို့ မလေးရှားက အာဆီယံကို တိုက်တွန်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေး အထူးအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မလေးရှားကထပ်မံတိုက်တွန်းလိုက်တာလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

မြန်မာနိုင်ငံကို အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာမှာ ပိုမိုအဆင်ပြေကောင်းမွန်လာစေဖို့ NUG က တင်ပြထားတဲ့ ဒေသခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေပါဝင်တဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီပေးသူများ ဖိုရမ်ကို အသုံးချဖို့ မလေးရှားက အာဆီယံကို တိုက်တွန်းအကြံပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနဲ့ ငြိမ်းချမ်းရေးပြန်လည်ရရှိရေးအတွက် အားလုံးသဘောတူညီထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြီးသတ်အကောင်အထည်ဖော်နိုင်ရေးအတွက် မူဘောင်တစ်ခုချမှတ် ဆောင်ရွက်ကြဖို့၊ ဒီအတွက် ကြားကာလစီမံကိန်းတစ်ခုလိုနိုင်ကြောင်းနဲ့ အာဆီယံခေါင်းဆောင်များညီလာခံမှာရော ဝန်ကြီးများအစည်းအဝေးတွေမှာပါ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုကိုယ်စားလှယ်ကို မဖိတ်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာပြောပါတယ်။

ပြီးခဲ့တဲ့ ဂျာကာတာ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုယ်စား မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆက်ဆံရေးဌာန လက်ထောက်အတွင်းရေးမှူးချုပ် နော်မန်မိုဟာမက် က တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ တင်ပြခဲ့ကြတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအမျိုးမျိုးကို လေ့လာသုံးသပ်ပြီး လာမယ့်လ ကမ္ဘောဒီးယားမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်များညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခေါင်းဆောင်တွေကို တင်ပြအကြံပေးဖို့ သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up