close

အာဆီယံက အစည်းအဝေး မဖိတ်သည့်အပေါ် လက်မခံနိုင်ဟု စစ်ကောင်စီနိုင်ငံခြားရေးတုံ့ပြန်

အာဆီယံနိုင်ငံခြားရေးဝန်ကြီး‌‌တွေရဲ့ အထူးအစည်းအဝေးမှာ သူတို့ကိုမဖိတ်ဘဲ ခွဲခြားဆက်ဆံတာကို လက်မခံနိုင်သလို အစည်းအဝေးဆုံးဖြတ်ချက်တွေကိုလည်း လိုက်မလုပ်နိုင်ဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းအဝေးကျင်းပရာမှာ စစ်ကောင်စီခန့် ဝန်ကြီးကို မဖိတ်ဘဲ  နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ပုဂ္ဂိုလ်ကိုပဲ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံ‌တွေအကြား အဆင့်တူတန်းတူ ကိုယ်စားပြုရေးမူနဲ့ သွေဖည်နေတာကြောာင့် မတက်ရောက်သလို အခုလို ခွဲခြား ဆက်ဆံတဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

ပြီးတော့ အစည်းအဝေးမှာ မြန်မာနိုင်ငံမပါဝင်ဘဲ အာဆီယံ ၉ နိုင်ငံပဲ ဆွေးနွေး သဘောတူညီခဲ့တာဟာ အာဆီယံပဋိညာဉ်စာတမ်းပါ မူတွေနဲ့အညီ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တူညီဆန္ဒအရ ဆောင်ရွက်ခဲ့တာမဟုတ်လို့ သူတို့အနေနဲ့ လိုက်ပါဆောင်ရွက် မှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ပါတယ်။

ဒီနေ့အစည်းအဝေးဟာ လာမယ့် နိုဝင်ဘာလ ကမ္ဘောဒီးယား ထိပ်သီးအစည်းအဝေးမတိုင်ခင် ကြိုတင်လုပ်တဲ့ မြန်မာ့အရေးအစည်းအဝေးဖြစ်ပြီး အရင်ကချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အာဆီယံနိုင်ငံတွေက ထပ်လောင်းသဘောတူကြတယ်လို့ အစည်းအဝေးကနေ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ အဲဒီ ‌၅ ချက်ကို လိုက်လုပ်နေတယ်လို့ဆိုပြီး ဒါတွေကို အကောင်အထည်ဖော်တာဟာ လုပ်ငန်းစဉ်တရပ်ဖြစ်လို့ အချိန်ကန့်သတ်ချက်နဲ့ ဖိအားပေး၊ အကြပ်ကိုင်တဲ့ ချဉ်းကပ်တာမျိုးဟာအကျိုးမရှိနိုင်တဲ့အပြင် ဆိုးကျိုးသက်ရောက်မှုဘက်ကို ဦးတည်သွားစေနိုင်တယ်လို့ ခြိမ်းခြောက်ထုတ်ပြန်ထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အချက်ငါးချက်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေနဲ့ စိတ်ပျက်မိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရန်တို မာဆူဒီက မနေ့က တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လောလောလတ်လတ် ကချင်ပြည်နယ်မှာ  မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အင်ဒိုနီးရှားက ရှုတ်ချလိုက်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ပြောကြားလိုက်ကာ သေဆုံးသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့  မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up