ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ယာဉ်တန်း ယာဉ်တိုက်မှုဖြစ်

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခန်းကို တင်ဆောင်လာတဲ့ ယာဉ်တန်း ဟာ အောက်တိုဘာ ၃၀ ရက်က မြို့တော်ဆီကို ထောက်ခံသူတွေနဲ့အတူ လိုက်ပါလာတုန်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး သတင်းထောက်တဦး သေဆုံးခဲ့တယ်လို့ ပါတီ တာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေက ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ခန်းဟာ မြို့တော် အစ္စလာမာဘတ်ဆီ ဦးတည်နေတဲ့ “ခရီးရှည် ချီတက်ပွဲ” ကို ရပ်တန့်ခိုင်းခဲ့ပါတယ်။
လျှပ်တပြက်ရွေးကောက်ပွဲတွေကျင်းပရေး ဖက်ဒရယ်အစိုးရကို ဖိအားပေးဖို့ ခန်းရဲ့ ယာဉ်တန်း ဟာ လာဟိုးမြို့ အရှေ့ပိုင်းကနေ ခရီး စတင်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်မှာ အစ္စလာမာဘတ် မြို့တော်ဆီ ရောက်မယ်လို့ မျှော်လင့်ခဲ့တာပါ။
"ဒီနေ့ ချီတက်ပွဲ အတွင်းမှာ ချန်နယ်ဖိုက် သတင်းထောက် ဆာဒက်ဖ် နိင်းမ် သေဆုံးခဲ့ရတဲ့ ဆိုးရွားလှတဲ့ မတော်တဆမှုကြောင့် တုန်လှုပ်ပြီး လေးလေးနက်နက် စိတ်မကောင်းဖြစ်မိပါတယ်" လို့ ခန်းက တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
ခန်းရဲ့ပါတီ (PTI) က စီစဉ်တဲ့ အောက်တိုဘာ ၃၀ ရက် လှုပ်ရှားမှုတွေကို ဖျက်သိမ်း လိုက်တယ်လို့ ခန်းက ပြောခဲ့ပါတယ်။
အဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့တဲ့ သတင်းထောက် ကဇာဖှီ ဘတ်ထ်က နိင်းဟာ အသက် ၄၀ အရွယ်ရှိပြီး ဝန်ကြီးချုပ်ဟောင်းဆီက အသံကို ဖမ်းယူဖို့ ခန်းရဲ့ ကုန်ကားပေါ် တက်ဖို့ ကြိုးစားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။