ရွေးကောက်ပွဲ စောကျင်းပပေးရန် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခမ်း တောင်းဆို

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခမ်းက ရွေးကောက်ပွဲတွေကို စောစောကျင်းပပေးရေး တောင်းဆိုဖို့ အောက်တိုဘာ ၂၈ ရက် မနက် ၁၁ နာရီမှာ အရှေ့ပိုင်း လာဟိုးမြို့ကနေ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမာဘတ်ကို သူ့ရဲ့ထောက်ခံသူတွေနဲ့အတူ ချီတက်ဆန္ဒပြပွဲ စတင်မှာဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက်က ကြေညာခဲ့ပါတယ်။
မြို့နှစ်မြို့ကြား အကွာအဝေးက ကီလိုမီတာ ၃၈၀ လောက်ရှိပြီး ခမ်းက သူဟာ ရွေးကောက်ပွဲကို ချက်ချင်းကြေညာအောင် အစိုးရကို ဖိအားပေးဖို့ ချီတက်တာဖြစ်ပြီး သူ့ကိုထောက်ခံသူတွေနဲ့ ပါတီဝင်တွေဟာ အကြမ်းဖက်မှုတွေကို ရှောင်သင့်တယ်လို့ လာဟိုးမြို့က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
“အစိုးရအနေနဲ့ တိုင်းပြည်မှာ တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးရမှာဖြစ်ပြီး ပြည်သူတွေကို ဆုံးဖြတ်ခွင့်ပေးသင့်ကြောင်းနဲ့ ရွေးကောက်ပွဲကလွဲလို့ တခြားနည်းလမ်းမရှိဘူး” လို့ သူကဆိုပါတယ်။
ဧပြီလက လွှတ်တော်မှာ အယုံအကြည်မရှိမဲနဲ့ ရာထူးကနေ ဖယ်ရှားခံရပြီးကတည်းက ခမ်းဟာ နိုင်ငံတဝန်းမှာ လျှပ်တပြက် ရွေးကောက်ပွဲတွေ ကျင်းပဖို့ တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရကတော့ စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်ကြောင်း ပြောထားပါတယ်။