ဟောလိုးဝင်းပါတီ လူရာချီသေဆုံးခဲ့မှုအတွက် တောင်ကိုရီးယားသမ္မတ ဝမ်းနည်းစကားဆို

ဆိုးလ်မြို့တော် ဟောလိုးဝင်းပါတီမှာ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရမှုအတွက် ဝမ်းနည်းကြေကွဲတဲ့အကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ပြောပါတယ်။
သမ္မတယွန်း သွားရောက်ခဲ့တဲ့ ဆိုးလ်မြို့တော်ခန်းမ အပြင်ဘက်က ဝမ်းနည်းခြင်း အထိမ်းအမှတ် နေရာအပြင် မြို့အနှံ့ရှိ အမျိုးမျိုးသော ဝမ်းနည်းခြင်းနေရာတွေမှာ သေဆုံးသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လူတွေပြည့်နေပါတယ်။
အောက်တိုဘာ ၂၉ ရက်ည လူအစုလိုက် တိုးကြိတ် ပိမိ နင်းမိပြီး သေဆုံး ဒဏ်ရာရခဲ့တဲ့ အီတေးဝန်မြို့နယ်နေရာနားက လမ်းတွေမှာတော့ ကွက်လပ်ဖြစ်နေပြီး ဟောလိုးဝင်းပွဲတော်တွေကို နိုင်ငံတဝန်းက ပွဲလမ်းတွေမှာလည်း ကျင်းပခွင့် ပိတ်ထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်တွေ ၂ နှစ်ကျော်ကြာပြီးနောက် အီတေးဝန်မြို့နယ်မှာ ပြန်လည်စည်ကားလာချိန်မှာ အခုလို လူတွေသေဆုံးမှု ဖြစ်ခဲ့တာပါ။
ဒီဖြစ်ရပ်ကြောင့် နိုင်ငံတဝန်း ဆောင်းဦးရာသီ ရွက်ကြွေပွဲတော်တွေနဲ့ K-Pop ဖျော်ဖြေပွဲတွေအတွက် အခမ်းအနားတွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။