ဒရုန်း ၁၁ စင်းကို ပစ်ချခဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးပြော

ယူကရိန်း အစိုးရတပ်တွေဟာ နေ့တိုင်း ဒရုန်း ၁၀ စီးထက်မနည်းကို ဖျက်ချခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက နိုဝင်ဘာ ၅ ရက် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောပါတယ်။
ယူကရိန်း တဖွဲ့တည်းက နိုဝင်ဘာ၄ ရက်မှာ ဒရုန်း ၁၁ စင်းကို ပစ်ချခဲ့တယ်လို့ ပြောကြားလိုက်ပြီး အီရန်အစိုးရက လိမ်နေတယ်လို့လည်း ဇလန်းစကီးက စွပ်စွဲလိုက်ပါတယ်။
“အီရန်က ရှင်းရှင်းလင်းလင်းကို ဆက်လိမ်နေမယ်ဆိုရင် ရုရှားနဲ့ အီရန်အစိုးရတွေကြား အကြမ်းဖက်ပူးပေါင်းဆောင်ရွက်မှုကို စုံစမ်းဖော်ထုတ်ဖို့ ကမ္ဘာကြီးက ပိုပြီးတော့ ကြိုးပမ်းလာလိမ့်မယ်လို့ အဓိပ္ပာယ်ရပါတယ်”လို့ ဇလန်းစကီးက ပြောပါတယ်။
အီရန်က ရုရှားအစိုးရကို ဒရုန်းတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ နိုဝင်ဘာ ၅ ရက်က ပထမဆုံး အကြိမ်ပြောခဲ့ပေမဲ့ ရုရှားက ဓာတ်အားပေးစက်ရုံတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ ယူကရိန်းစစ်ပွဲမတိုင်မီက ထောက်ပံ့ခဲ့တာလို့ အီရန်က ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော် မှုမတိုင်မီ လနည်းနည်း အလိုမှာ ဒရုန်းအမြောက်အမြား တင်ပို့ခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အာမီယာအဗ်ဒူလာဟိန်က ပြောပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း ရုရှားက အီရန်လုပ် ရှိဟိဒ် ၁၃၆ မောင်းသူမဲ့လေယာဉ်တွေကို သုံးပြီး ဓာတ်အားပေးစက်ရုံတွေနဲ့ ရေကာတာတွေကို ပစ်မှတ်ထားရင်း အရပ်ဘက်အခြေခံ အဆောက်အအုံတွေအပေါ် ဒရုန်းနဲ့ တိုက်ခိုက်တာတွေ မြင့်တက်လာတယ်လို့ ယူကရိန်း အစိုးရက ဆိုပါတယ်။
ယူကရိန်းကို တိုက်ခိုက်ဖို့ သူ့တပ်ဖွဲ့ တွေက အီရန်ဒရုန်းတွေကို သုံးခဲ့တယ်ဆိုတဲ့ စွဲချက်ကို ရုရှားက ငြင်းဆိုထားပါတယ်။