close

ယူကရိန်းစစ်သုံ့ပန်းများ၏ အခွင့်အရေး စောင့်ရှောက်ရန် ICRC ပျက်ကွက်ဟု သမ္မတ ဇလန်းစကီး ပြော

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ ယူကရိန်း စစ်သုံ့ပန်းတွေရဲ့ အခွင့်အရေးတွေကို စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အောက်တိုဘာ ၁၃ ရက်နေ့မှာ စွပ်စွဲပြောကြားလိုက်ပြီး ရုရှားသိမ်းပိုက်ထားတဲ့ နိုင်ငံအရှေ့ဘက်ရှိ စခန်းတခုကို မစ်ရှင်တခုဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဇူလိုင်လအတွင်းက ပေါက်ကွဲမှုနဲ့ မီးလောင်မှုကြောင့် ယူကရိန်းတပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိုလန်နိဗ်ကာစခန်းကို ဘယ်သူမှ မရောက်ဖူးသေးဘူးလို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

“ယူကရိန်း စစ်အကျဉ်းသားတွေကို ဖမ်းဆီးထားတဲ့ အိုလန်နိဗ်ကာ ချွေးတပ်စခန်းကို ဝင်ရောက်ခွင့်ကို သဘောတူထားတဲ့အတိုင်း စီစဉ်ပေးရမှာဖြစ်ပြီး ကြက်ခြေနီက ဒါကို လုပ်နိုင်ပါလိမ့်မယ်” လို့ သူကပြောပါတယ်။ ကြက်ခြေနီမှာ ကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရား ရှိပြီး လုပ်ပိုင်ခွင့် အပြည့်အဝ ရှိရမယ်လို့လည်း ဇလန်းစကီးက ဆိုပါတယ်။

ဇလန်းစကီးရဲ့ ဝန်ထမ်းအကြီးအကဲဟာ ICRC ကို ၃ ရက်အတွင်း မစ်ရှင်တခုစတင်ဖို့ ဒါမှမဟုတ် ကိယက်ဗ်အာဏာပိုင်တွေက သူတို့ကိုယ်တိုင် လုပ်ဆောင်မှာဖြစ်ကြောင်း ရာဇသံ သီးခြားထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ICRC က ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရနိုင်သေးပါဘူး။

ဇူလိုင်လတုန်းက အိုလန်နိဗ်ကာစခန်းကို တိုက်ခိုက်ရာမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ မာရီယူပိုလ်ရှိ အာဇော့ဗ်စတယ်လ် သံမဏိစက်ရုံကို ခုခံကာကွယ်ခဲ့ကြတဲ့ စစ်သည်တွေဖြစ်ပါတယ်။

ယူကရိန်းက ဒါဟာ ရုရှားတွေက အကျဉ်းသားတွေအပေါ် သူတို့ရဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကို ဖုံးကွယ်ဖို့ စစ်တန်းလျားတွေကို ဗုံးခွဲတိုက်ခိုက်တာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။

ရုရှားအာဏာပိုင်တွေကလည်း ဒါဟာ ယူကရိန်းဒုံးကျည်တစင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up