close

အမေရိကန်နှင့် တောင်ကိုရီးယား ဗုံးကြဲလေယာဉ်များ အသုံးပြုပြီး စစ်ရေးလေ့ကျင့်

မဟာမိတ်စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားက မကြာသေးမီရက်တွေအတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်ခဲ့ပြီးတဲ့နောက် အမေရိကန်လေတပ်က B-1B ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေထဲက စစ်ရေးလေ့ကျင့်မှုတွေထဲမှာ တပ်ဖြန့် သုံးစွဲခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ အောက်တိုဘာ ၃၁ ရက်ကစတဲ့ ‘Vigilant Storm’ လေကြောင်းစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၅ ရက်အထိ ၁ ရက် သက်တမ်းတိုးခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗွီဒီယိုကို ရိုက်တာသတင်းဌာနက သီးခြားအတည်မပြုနိုင်ပါဘူး။

တောင်ကိုရီးယားက အမည်မသိ လေတပ်စခန်းတခုကနေ ဗုံးကြဲလေယာဉ်တွေ၊ F-35 နဲ့ F-16 တိုက်လေယာဉ်တွေ အပါအဝင် တခြား အမေရိကန်လေယာဉ်တွေနဲ့အတူ ဝေဟင်မှာ ပျံသန်းနေတာကို ပြသခဲ့ပါတယ်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လေ့ကျင့်ဖို့ အမေရိကန်ဟာ B-1B ဗုံးကြဲလေယာဉ်တွေကို ၂၀၁၇ ခုနှစ်မှာ တပ်ဖြန့်ခဲ့ဖူးတယ်လို့ စစ်တပ်က ပြောပါတယ်။

အမေရိကန်ဟာ အောက်တိုဘာလ နှောင်းပိုင်းကတည်းက ဂူအမ်မှာ ဗုံးကြဲလေယာဉ်လေးစင်းကို သိမ်းဆည်းထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

လေယာဉ်တင်သင်္ဘောတွေ၊ နျူးကလီးယား ရေငုပ်သင်္ဘောတွေနဲ့ B-1B လို တာဝေး ဗုံးကြဲလေယာဉ်တွေ အပါအဝင် မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေ ဖြန့်ကြက်ချထားရေး အရှိန်မြှင့်ဖို့ တောင်ကိုရီးယားက အမေရိကန်ကို တောင်းဆိုထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ရဲ့ ခြောက်ရက်ကြာ စစ်ရေးလေ့ကျင့်မှု အဆုံးသတ်သွားခဲ့တဲ့နေ့ဖြစ်တဲ့ နိုဝင်ဘာ ၅ ရက်က မနက် ၁၁ နာရီ ၃၁ မိနစ်ကနေ ၁၁ နာရီ ၅၉ မိနစ်ကြားမှာ မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်လေးစင်းကို အနောက်ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up