အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ် တင့်ကားများဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားကို ဒေါသပိုဖြစ်စေမယ့် အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်းအဖြစ် အောက်တိုဘာ ၁၉ ရက်က မြစ်တွေကိုဖြတ်ပြီး တင့်ကားတွေနဲ့ တခြားသံချပ်ကာယာဉ်တွေ ကူးဖြတ်ဖို့ ရေပေါ်တံတားတွေ တည်ဆောက်တာတွေကို လေ့ကျင့်ခဲ့ကြပါတယ်။
ဒီ ၁၂ ရက်ကြာ Hoguk ကွင်းဆင်း စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားစစ်တပ်ရဲ့ အမှတ် ၁၁ မိုဘိုင်းဌာနခွဲက သံချပ်ကာ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ ပါဝင်နေပြီး ပင်မတိုက်ပွဲဝင် တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြားစစ်သုံးယာဉ်တွေဟာ ဆိုးလ်မြို့တောင်ပိုင်း ယုံးဂျူအနီးရှိ နမ်ဟန်မြစ်ပေါ်မှာ စုဝေးနေတဲ့ ဗောတံတားတွေကို ဖြတ်ကျော်ခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်က ဗိုလ်မှူးကြီး ကူချန်မိုက “Hoguk လေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်း အဖြစ် တောင်ကိုရီးယား-အမေရိကန်ရဲ့ ပူးတွဲမြစ်ကူးလေ့ကျင့်မှုကို အရေးပေါ် အခြေအနေမျိုးမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကနေ ပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်နိုင်ပြီး အဲဒါကို အောင်ပွဲအတွက် ဖြတ်လမ်းတခုအနေနဲ့ မြင်နိုင်ပါတယ်” လို့ ပြောပါတယ်။
မြောက်ကိုရီးယားက တင်းမာမှုတွေ တိုးလာစေတဲ့အတွက် ဒီစစ်ရေးလေ့ကျင့်မှုကို ရှုတ်ချခဲ့ပြီး တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်တွေနဲ့ အမြောက်တွေကို အမြောက်အမြား စမ်းသပ် ပစ်ခတ်ပြခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ခုခံကာကွယ်စစ်ဖြစ်ပြီး မြောက်ကိုရီးယားကို ဟန့်တားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။