close

ကေအန်ယူနယ်မြေတွင် စစ်ကောင်စီတပ်သား ၄ ဦးအလင်းဝင်၊ ၃၂ ဦး လက်နက်ချ အဖမ်းခံ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ လတာအတွင်း တိုက်ပွဲအကြိမ်ရေ ၂၈၀ ကျော် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေဘက်က ၃၆၉ ယောက် သေဆုံးကာ ၃၀၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က တပ်သား ၄ ယောက်ဟာ လက်နက်အပြည်အစုံနဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဆီ အလင်းဝင်ခဲ့ပြီး ၃၂ ယောက်ကတော့ စစ် မြေပြင်မှာ လက်နက်ချအဖမ်းခံခဲ့ကာ စစ်ကောင်စီတပ်သား ၁ ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၂ ယောက်ကတော့ စခန်းတွင်းနေစဉ် မိမိကိုယ်ကို အဆိပ်သောက်သတ်သေခဲ့ပြီး နောက် ၂ ယောက်ကတော့ ရောဂါကြောင့် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်တွေ အသုံးပြုတဲ့ ယာဉ် ၁၈ စီးကိုလည်း  ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ကို လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁ လတာ တိုက်ပွဲတွေအတွင်းမှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်မှ ၆ ယောက် ကျဆုံးခဲ့ရပြီး ၄၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၈၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေဘက်က ၃၆၆၄ ယောက် သေဆုံးကာ အယောက် ၂၇၀၀ ဒဏ်ရာရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၁ နှစ်တာအတွင်းမှာတော့ တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ် (BGF) တွေဘက်က အယောက် ၂၁၉၀ သေဆုံးကာ ၂၀၄၈ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ကို လေကြောင်းတိုက်ခိုက်မှု ၁၀၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကော်သူလေအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ပြည်သူလုထု ၃ သိန်းကျော် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြပြီး ၁ သိန်းကျော်ကတော့ အ ရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up