close

ထားဝယ်တွင် ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ပျူစောထီးခေါင်းဆောင် အသက် ၄၀ ကျော်အရွယ် ဦးမင်းထွေးကို နိုဝင်ဘာ ၇ ရက် မနက် ၁၀ နာရီလောက်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ Guerrila Dawei တာဝန်ခံ ကိုပီတာက ပြောပါတယ်။

ဦးမင်းထွေးဟာ တော်လှန်ရေးမှာ ပါဝင်သူတွေကို သတင်းပေး ဖမ်းခိုင်းတာ၊ စစ်တပ်အားကိုးနဲ့ တရားမဝင် မြေကွက်ရိုက်ရောင်းတာတွေအပြင် လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

အိမ်စီးကားနဲ့လာတဲ့ ဦးမင်းထွေးကို ထားဝယ်မြို့ ညောင်ပင်ကြီးလမ်းဆုံနား အရောက်မှာ သေနတ်နဲ့ ၁၅ ချက် ပစ်ခတ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ခဏအကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လာရောက်စစ်ဆေးခဲ့ပြီး ရုပ်အလောင်းကိုတော့ ထားဝယ်ပြည်သူ့ဆေးရုံကြီးကို သယ်ယူသွားတယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ် ဆီတောကျေးရွာသား ဦးမင်းထွေးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ သရက်ချောင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် NLD ပါတီ ကိုယ်စားလှယ်လောင်းကို မဲအရေအတွက် ၁ သောင်းခွဲကျော် ကွာဟရှုံးနိမ့်ခဲ့တာပါ။

ထားဝယ်နဲ့ သရက်ချောင်းက ဒေသခံတချို့ကတော့ ဦးမင်းထွေးဟာ စစ်တပ်နဲ့ နီးစပ်သူတယောက် ဖြစ်တဲ့အပြင် ပျူစောထီးတွေကို ဦးဆောင် သင်တန်းပေးနေသူ ဖြစ်တယ်လို့ ပြောပါတယ်။

သရက်ချောင်းမြို့နယ်ထဲက ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “သူ(ဦးမင်းထွေး) ရွာမှာ ကထိန်အလှူလုပ်တုန်းကဆို ပျူစောထီးနဲ့ စစ်သားတွေ နှစ်ရက်လောက်ကြိုပြီး လုံခြုံရေး လာယူပေးတာ။ အလှူလုပ်နေတုန်း PDF တွေ ထွက်လာတိုက်မှာစိုးလို့ တောလမ်းတွေကို လိုက်ပိတ်ဆို့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ညနေ ၄ နာရီကျော်တဲ့အထိ ထားဝယ်မြို့အတွင်း လှည့်ပတ်စစ်ဆေးနေပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း လမ်းသွားလမ်းလာတိုင်းကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up