close

ထားဝယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၊ ထားဝယ်နည်းပညာတက္ကသိုလ်အနီး ဘုရားမဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က အောက်တိုဘာ ၃၁ ရက် မနက် ၄ နာရီခွဲမှာ ၄၀ မမ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ DGRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဘုရားမဲအနီးနေထိုင်သူတယောက်က “အပြန်အလှန်ပစ်ခတ်သံတွေတော့ အတော်များများ ကြားရတယ်၊ လက်နက်ကြီးရော၊ အငယ်ရော အသံတွေအစုံပဲ” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ယောက်ကျဆုံးကာ ထားဝယ်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကား ၄ စီးကိုလည်း မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး အရေအတွက် အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထားဝယ်လမ်းပိုင်းမှာ ခရီးသွားခဲ့သူတယောက်က “ဘုရားမဲဂိတ်ကတော့ ဘာမှမဖြစ်ထားသလို ရှင်းထားတယ်။ ဒါပေမဲ့ မနေ့ အောက်တိုဘာ ၃၁ ရက်က ခရီးသည်တင် ယာဉ်တွေကို လမ်းလူကြုံလိုက်လာတဲ့ အမျိုးသားတွေ ပါလာတာမျိုး ရှိလားဆိုပြီး စစ်ဆေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မောင်မယ်ရှောင်ရွာ ဘုရားမဲဘုရားကျောင်းအနီးက ရော်ဘာခြံတခုမှာ ပြီးခဲ့တဲ့နှစ်ကတည်းက လာရောက်ပြီး ယာယီစခန်းချ စစ်ဆေးရေးဂိတ်ဖွင့်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up