close

မုံရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာအနီး ပြည်တော်သာအဝိုင်းပတ်ထိပ်မှာ နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲလောက်ကစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးလိုက်ပါလာတဲ့ ကားကို မြို့အဝင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၂ ယောက် အပါအဝင် ၆ ယောက် သေဆုံးသွားတယ်လို့ သံမဏိ Force - MPDF မုံရွာခရိုင်တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သံမဏိ Force - MPDF မုံရွာခရိုင်တပ်ရင်းမှ တာဝန်ရှိသူတယောက်က “ရွာတရွာကနေ ဖဲရိုက်ပြီးပြန်လာတဲ့ စစ်ဗိုလ်အဆင့် အရာရှိ ၂ ကောင် အပါအဝင် စကစတပ်ဖွဲ့ဝင် ၈ ကောင် လိုက်ပါလာတဲ့ကားကို သံမဏိ Force - MPDF (မုံရွာခရိုင်) တပ်ရင်းက တပ်ခွဲတပ်ဖွဲ့ဝင်တွေပေါင်းပြီး စစ်ဆင်ရေးအဖြစ် စောင့်ကြို ပစ်ခတ်တိုက်ခိုက်ကြရာ ကားအရှေ့ခန်း အတွင်းခန်းက လိုက်ပါလာတဲ့ စကစအကောင်ကြီး ၂ ကောင်နဲ့ တပ်သား ၄ ယောက် နေရာမှာတင် ပွဲချင်းပြီးသွားပြီး တပ်သား ၂ ကောင်က ပြန်လည်ခုခံပစ်နေလို့ ရဲဘော်တွေရဲ့အသက်နဲ့ လုံခြုံရေးအရ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် လက်နက်သိမ်းဆည်း မရရှိခဲ့တာ” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပြီး‌နောက် မြေပြင်သတင်းပေးပို့ချက်အရ ညပိုင်းမှာ ကား ၇ စီးလောက်နဲ့ အလောင်းတွေလာကောက်ပြီး ကားကို ကရိန်းနဲ့ လာရောက်ဆွဲယူသွားကြောင်း သိရတယ်လို့ သံမဏိ Force - MPDF (မုံရွာခရိုင်တပ်ရင်း) က ထုတ်ပြန်ချက်မှာ ဖော်ပြ‌ထားပါတယ်။

နိုဝင်ဘာ ၆ ရက်ကလည်း မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ၆ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ အခုလိုတိုက်ခိုက်ခံရပြီး သေဆုံးတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်လေ့ မရှိပါဘူး။ 

စစ်ကောင်စီတပ်ဖွဲ့ဟာ အခုလဆန်းပိုင်းကစလို့ မုံရွာမြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေနဲ့ နေအိမ်မီးရှို့တာတွေအပြင် ကျေးရွာဒေသခံ ပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up