အနောက်နိုင်ငံများက အရှေ့တောင်အာရှတွင် စစ်ဘောင်ချဲ့နေဟု ရုရှားပြော

တရုတ်နဲ့ ရုရှားရဲ့သြဇာကို ထိန်းချုပ်ဟန့်တားလိုတဲ့အတွက် အရှေ့တောင်အာရှဒေသမှာ အနောက်နိုင်ငံတွေဟာ စစ်ဘောင်ချဲ့နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာ့ဗရော့ဗ်က နိုဝင်ဘာ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်းပင်မှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ လာ့ဗရော့ဗ်က လာမယ့်ဆယ်စုနှစ်တွေအတွင်း အလားအလာရှိတဲ့ မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေးစစ်မြေပြင်အဖြစ် ရုရှားနဲ့ အနောက်နိုင်ငံတွေက မြင်ထားတဲ့ အာဆီယံဒေသထဲမှာ အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခဲ့တာပါ။
ကမ္ဘောဒီးယားမှာ အရှေ့အာရှထိပ်သီးညီလာခံ တက်ခဲ့ပြီးနောက် ဘာလီမှာ G20 ညီလာခံတက်ဖို့ မထွက်ခွာမီ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဖနွမ်းပင် လေဆိပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
ရုရှားနဲ့ တရုတ်တို့ရဲ့ အကျိုးစီးပွားကို ထိန်းချုပ်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ ရုရှားနဲ့ အနောက်အုပ်စု ခေါင်းဆောင်တွေကြား ထိပ်တိုက်တွေ့ဖို့ စင်မြင့်ပေါ်တင်ပေးတဲ့နည်းနဲ့ အနောက်နိုင်ငံတွေက အရှေ့တောင်အာရှကို စစ်ဘောင်ချဲ့နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က ဆက်ပြောပါတယ်။
အမေရိကန်နဲ့ အာဆီယံဒေသတွင်းအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို အလေးပေးဖော်ပြချိန်မှာ အမေရိကန်အစိုးရက လွတ်လပ်ပွင့်လင်းမှု၊ တည်ငြိမ်ပြီး သာယာဝပြောတဲ့၊ ခံနိုင်ရည်ရှိပြီး လုံခြုံတဲ့ အင်ဒို-ပစိဖိတ်ဒေသကို တည်ဆောက်ဖို့ ကတိပြုထားတယ်လို့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
အမေရိကန်နဲ့ ရုရှားတို့ဟာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံပါတဲ့ အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံတွေ မဟုတ်ပေမဲ့ လာမယ့်အပတ် ဘာလီကျွန်းမှာကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အာဆီယံ ထိပ်သီးညီလာခံကို ကမ္ဘာ့ခေါင်းဆောင်အများအပြားနဲ့ အတူ တက်ရောက်ခဲ့ကြတာပါ။
ယူကရိန်းကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ အနောက်နိုင်ငံတွေက ရုရှားအစိုးရကို ဒဏ်ခတ် ပိတ်ဆို့ပြီးကတည်းက ရုရှားဟာ အာရှနဲ့ ပိုနီးကပ်တဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ထိပ်သီးအစည်းအဝေး မတက်နိုင်လောက်အောင် အလုပ်များလွန်းတယ်လို့ ရုရှားသမ္မတနန်းတော်က ပြောအပြီးမှာ လာ့ဗရော့ဗ်ဟာ ထိပ်သီး အစည်းအဝေးတက်မယ့် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာပါ။
ဒါဟာ ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။
အမေရိကန်ကတော့ တရုတ်နဲ့ ရုရှားတို့ကို ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကြီးနှစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။