ခါဆွန်မြို့နား ရွာတရွာတွင် ရုရှားစွန့်ပစ်ထားသည့် လက်နက်ခဲယမ်းများ တွေ့ရှိဟု ယူကရိန်းပြော

ယူကရိန်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒနစ်ပရိုမြစ်ရဲ့ အနောက်ဘက်ကမ်းကနေ ရုရှားတပ်တွေ ဆုတ်ခွာသွားချိန်မှာ ယူကရိန်း စစ်သားတွေဟာ တောင်ပိုင်း ခါဆွန် မြို့နားက ရွာတရွာမှာ ရုရှားတွေ စွန့်ပစ်ထားတဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို နိုဝင်ဘာ ၁၁ ရက်က တွေ့ရှိခဲ့ပါတယ်။
ခါဆွန်မြို့ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာက ဗလာဟိုဒတ်နေ ရွာမှာ ရုရှားတပ်တွေ ကျန်ခဲ့တဲ့ မော်တာကျည်ဆန်တွေနဲ့ ခဲယမ်းမီးကျောက်တွေပါတဲ့ သေတ္တာတွေ သိုလှောင်ထားတဲ့ လက်နက်သိုလှောင်ရုံကို နိုဝင်ဘာ ၁၁ ရက်မှာ တွေ့ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံသား ၁၀၀ လောက်က ရွာကို ရှစ်လကြာ ထိန်းသိမ်းထားပြီး သိမ်းပိုက်မှု တလျှောက်လုံး လူ မနေတဲ့ အိမ်တွေကို ဖောက်ထွင်းဝင်ရောက်ရင်း ပရိဘောဂတွေ၊ ရုပ်မြင်သံကြားတွေ၊ မီးဖိုတွေ နဲ့ ရေခဲသေတ္တာတွေကို ဖယ်ရှား လုယက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
ရုရှားစစ်သားတွေဟာ ကတုတ်ကျင်းတွေနားကို ချဉ်းကပ်လာတဲ့ အမျိုးသားတဦးကို သတ်ဖြတ်ခဲ့ပြီး ဖမ်းခေါ် ခံရတဲ့ တခြားအမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ငယ်တဦးတို့ရဲ့ ကံကြမ္မာကို မသိရသေးဘူးလို့ ဆိုပါတယ်။
ရုရှားတွေဟာ နိုဝင်ဘာ ၉ ရက်ညမှာ တိုက်ပွဲမရှိဘဲ ထရပ်ကားတွေနဲ့ ဆုတ်ခွာသွားခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်မှာ ယူကရိန်းတပ်တွေ ရွာထဲ ဝင်လာခဲ့တယ်လို့ ရွာသားတွေက ပြောခဲ့ပါတယ်။