close

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်များ ပြေးစရာ မြေမရှိ

Photo : UKSY

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်အများစု သွားရောက်ခိုလှုံနေတဲ့  အနောက်ခြမ်းဒေသက ကျေးရွာတွေဆီကို အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ စစ်ရှောင်တွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ဖယ်ခုံမြို့နယ် အနောက်ခြမ်းဒေသ လအိ၊ လသယ်၊ ဟန်ဘူး အစရှိတဲ့ ကျေးရွာတွေမှာ ဒေသခံတွေအပြင် စစ်ရှောင်အများအပြားရှိနေတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

နိုဝင်ဘာ ၉ ရက်ကစပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေအနေနဲ့ ထွက်ပြေးစရာနေရာမရှိဘဲ လုံခြုံမယ်ထင်မှတ်တဲ့ နေရာတွေကိုသာ ရှောင်နေရတဲ့ အခြေအနေ ဖြစ်တယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။

“ထပ်ပြီးတော့ ပြေးစရာနေရာလည်း မရှိဘူးပေါ့နော်။ စစ်ရှောင်လည်း အရမ်းများတယ်။ ဖရူဆိုတို့၊ ဒီးမော့ဆိုဘက်ကလူတွေ များတယ်။ နောက် ဖယ်ခုံ၊ မိုးဗြဲ အဲဒီဘက်ကလူတွေများတယ်။ အဲတော့ ဒေသခံနဲ့ပဲ အတူတူနေကြတယ်။ ထပ်ပြေးမယ်ဆိုရင်လည်း ထွက်ပြေးစရာ မြေ‌ နေရာလည်း မရှိဘူးပေါ့။ လက်နက်ကြီးက ပြီးခဲ့တဲ့ ၉ ရက်နေ့က စပစ်တယ်။ ပြီးတော့ တရက်နှစ်ရက် ငြိမ်သွားတယ်။ ပြီးတော့ မနေ့ညက ၁၁ ခွဲဝန်းကျင်လောက် ထပ်ပြီးတော့ ထုလာတယ်ပေါ့နော်။ ရမ်းသန်းထုတယ်ဆိုတဲ့ အနေအထားလောက်ပဲ ရှိတယ်ပေါ့။ လောလောဆယ်တော့ ထပ်ပြီးတော့ ရှောင်တဲ့ဟာမျိုး မရှိဘူးပေါ့နော်။ အလွန်ဆုံးသွားရင်တောင်မှ ယာခင်းတို့မှာ သွားအိပ်တဲ့ အနေအထားလောက်ပဲ။ ဒါပေမဲ့ နည်းနည်း လုံခြုံတဲ့အိမ်တွေမှာပဲ နေကြတယ်။ အခုနက ကျမပြောသလို ထပ်ပြီးတော့ ရှောင်ရမယ့်နေရာကလည်း မရှိဘူးဆိုတဲ့ အခြေအနမျိုးတော့ ရှိတယ်ပေါ့နော်။”

အဆိုပါဒေသက ကျေးရွာတွေမှာ စစ်ရှောင်မရှိတဲ့ကျေးရွာ မရှိသလောက်ဖြစ်နေပြီး ရွာခံလူဦးရေ ၁၀၀ ရှိပါက စစ်ရှောင် ၇၀ ခန့်ရှိနေတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမဲ့ အဆိုပါဒေသဟာ အရမ်းအေးတဲ့ဒေသဖြစ်တဲ့အတွက် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် အဝတ်အထည်တွေ လိုအပ်နေကြောင်းလည်း ပြောပါတယ်။

“စားနပ်ရိက္ခာလို့ပြောရင် ဆန်ပါမယ်၊ ကုန်ခြောက်တွေ ပါမယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီးမော့ဆိုတို့၊ မိုးဗြဲတို့ ဖယ်ခုံတို့ဘက် အဓိက စပါးထွက်တဲ့ဒေသဖြစ်တယ်။ အဲဒီကနေ စစ်ဘေးရှောင်ရတော့ ဒီအနောက် ကယန်းဘက်မှာ လယ်စိုက်ရတဲ့ဟာက နည်းတယ်ပေါ့နော်။ အဓိက တောင်ယာစပါးတွေကိုပဲ မှီခိုရတဲ့ဟာများတော့ စားနပ်ရိက္ခာပိုင်း အခက်အခဲရှိတယ်။ ပြီးလို့ရှိရင်တော့ ဒီဘက်ဒေသက ဆောင်းရာသီက အရမ်းအေးတယ်။ ကျမတို့ဆိုရင် ဒုတိယဆိုးလ်မြို့ပေါ့နော်။ တကယ့်တကယ် အရမ်းအေးတယ်။ အေးတော့ ဒီအနွေးထည်တို့၊ စောင်တို့နဲ့ ပတ်သက်ပြီးတော့လည်း အခက်အခဲရှိတယ်။ ပြီးတော့ ရေပေါ့နော်။ ဆောင်းရာသီ၊ နွေရာသီ ရောက်တော့မယ်။ ရေကလည်း စိန်ခေါ်မှုဖြစ်လိမ့်မယ်ပေါ့နော်။”

ဖယ်ခုံမြို့နယ် လအိကျေးရွာမှာ နိုဝင်ဘာ ၉ ရက်ညက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ) နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း ၅၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁,၆၁၈ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁၈၃ ယောက် ကျဆုံးခဲ့ပါတယ်။

စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အရပ်သား ၃၇၉ ‌ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးတဲ့ ဘာသာရေးအဆောက်အဦ ၂၇ ခု၊ နေအိမ်ပေါင်း ၁,၂၄၇ လုံး ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up