ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နိုဝင်ဘာ ၁၅ ရက် ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမတက်ခင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာ သိခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းနဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ အပါအဝင် ဘယ်သူနဲ့မှမတွေ့ခင် ရောဂါကူးစက်ခံထားရမှန်း သိခဲ့တာလို့ ဟွန်ဆန်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက်က ပြီးဆုံးခဲ့တဲ့ အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို ဟွန်ဆန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာပါ။
ယူကရိန်းစစ်ပွဲကြောင့် အကွဲအပြဲတွေ ရှိနေတဲ့ကြားက ကမ္ဘာ့စီးပွားရေးကို စည်းလုံးညီညွတ်ပြီး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဖြည့်ဆည်းပေးဖို့ G20 နိုင်ငံခေါင်းဆောင်တွေက အိမ်ရှင် အင်ဒိုနီးရှားကို အင်္ဂါနေ့မှာ မေတ္တာရပ်ခံပြီး G20 ဆွေးနွေးပွဲကို စတင်နေပါတယ်။