close

ပစ်ခတ်ခံရသဖြင့် ဗာဂျီးနီးယားတက္ကသိုလ် ဘောလုံးအသင်းအဖွဲ့ဝင် ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ ရှားလော့စ်ဗေးလ်ရှိ ဗာဂျီးနီးယားတက္ကသိုလ်မှာ ကွင်းဆင်းလေ့လာရာကနေ ပြန်လာတဲ့ ကျောင်းသားတွေအပြည့်နဲ့ ကျောင်းကားကို ပစ်ခတ်ခဲ့လို့ တက္ကသိုလ်ဘောလုံးအသင်းအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရပြီး ပစ်ခတ်မှုသံသယရှိသူ ကျောင်းသား ခရစ္စတိုဖာ ဒါနဲလ် ဂျုံးန်စ်ကို ဖမ်းဆီးလိုက်ကြောင်း တက္ကသိုလ်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားအပြီး နာရီပိုင်းအကြာမှာပဲ ဖမ်းဆီးမိခဲ့ပြီး ဂျုံးန်စ်ကို လူသတ်မှု ၃ ခု၊ ရာဇဝတ်မှု ကျူးလွန်ရာမှာ သေနတ်သုံးစွဲမှု ၃ ခုနဲ့ စွဲချက်တင်ထားတယ်လို့ တက္ကသိုလ်ရဲချုပ် တင်မ်လွန်ဂိုက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ဒဲဗင်းန်ချန်ဒလာ၊ လာဗဲလ် ဒေးဗစ်စ်နဲ့ ဒီးရှောင်န်ပယ်ရီ ဆိုတဲ့ ကျောင်းသား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ တက္ကသိုလ်ဥက္ကဋ္ဌ ဂျင်မ်ရိုင်ယန်က ထုတ်ဖော်ပြောပါတယ်။

ပစ်ခတ်သူ ဂျုံးန်စ်ဟာ ၂၀၁၈ ခုနှစ်က ကျောင်းရဲ့ ဘောလုံးအသင်းမှာ ကစားသမားအဖြစ် စာရင်းဝင်သူလို့လည်း ရိုင်ယန်က ပြောပါတယ်။

ပစ်ခတ်မှုအပြီး နာရီပိုင်းအကြာမှာ စိတ်နှလုံးကြေကွဲရကြောင်း စာတစောင်ကို ရိုင်ယန်က ဆိုရှယ်မီဒီယာပေါ်မှာ ရေးတင်ခဲ့ပြီး အဲဒီနေ့အတွက် စာသင်ချိန်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

ဒါဟာ ဘယ်အကြီးအကဲကမှ မပေးပို့လိုတဲ့ သတင်းစကားဖြစ်ပြီး ဗာဂျီးနီးယားတက္ကသိုလ်ကို ဒီအကြမ်းဖက်မှုတွေ ရောက်ရှိလာတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်လို့လည်း ရေးသားခဲ့ပါတယ်။

ဒါဟာ ယူအက်စ်ကောလိပ်နဲ့ အထက်တန်းကျောင်းတွေမှာ သေနတ်ပစ်ခတ်မှုတွေရဲ့ နောက်ဆုံးဖြစ်ရပ်တခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up