ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုများ လေ့လာသုံးသပ်ချက် (အုပ်စု D)

ကာတာနိုင်ငံမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲက အုပ်စု (D) မှာ လက်ရှိချန်ပီယံ ပြင်သစ် ပါဝင်နေပြီး ဒိန်းမတ်၊ တူနီးရှားနဲ့ သြစတြေးလျအသင်းတွေလည်း ပါဝင်နေတာဖြစ်တယ်။
ပြင်သစ်
ကမ္ဘာ့ချန်ပီယံဟာ လက်ရှိရလဒ်ပိုင်းအရတော့ ရေပန်းစားမှု လျော့ကျနေတယ်။ ကွင်းလယ်မှာ ကန်တေနဲ့ ပေါ့ဘာတို့လို စီနီယာတွေ လွဲချော်ခဲ့တာကလည်း ဘရာဇီးနဲ့ အာဂျင်တီးနားတို့ရဲ့ နောက် ရောက်သွားတာဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ၁၈ ရာခိုင်နှုန်းပဲ သတ်မှတ်ခံထားရတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ နေးရှင်းလိဂ် ၆ ပွဲမှာလည်း ပြင်သစ်တို့ ၁ ပွဲသာ အနိုင်ရခဲ့တယ်။ လက်ရှိ အုပ်စုတွင်းပြိုင်ဘက် ဒိန်းမတ်ကိုပဲ ၂-၁ နဲ့တကြိမ်၊ ၂-၀ နဲ့တကြိမ် နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်းအရတော့ အာဂျင်တီးနား၊ ဘရာဇီးနဲ့ အင်္ဂလန်အသင်းတို့ပြီးရင် အများဆုံးဖြစ်ပြီး ၆၁ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိတယ်။ ဒါပေမဲ့ ဒိန်းမတ်အသင်းနဲ့ အပြိုင်ဖြစ်နေပြီး အုပ်စုပထမနေရာ ရယူနိုင်မှသာ တဖက်အုပ်စုက အာဂျင်တီးနားကို ရှောင်နိုင်မှာဖြစ်တယ်။ ကစားသမားအင်အားအရ ဘန်ဇီမာ၊ အမ်ဘာပေ၊ ဂရစ်ဇ်မန်းနဲ့ အမ်ကမ်ကူတို့ တိုက်စစ်ပိုင်းက တောင့်တင်းမှုအရှိဆုံး အတွဲအဖက်လို့တောင် ဆိုနိုင်ပါတယ်။
ဒိန်းမတ်
ဒိန်းမတ်ဟာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းစာရင်းမှာ နံပါတ် ၁၀ ချိတ်နေပြီး ၂၀၁၈ ပြိုင်ပွဲဒုတိယ ခရိုအေးရှားထက်တောင် ပိုပြီးရေပန်းစားတဲ့ အသင်းဖြစ်တယ်။ ဒိန်းမတ်တို့ဟာ အခုနှစ်ပြိုင်ပွဲမှာ ရေပန်းစားမှု တိုးတက်လာပေမဲ့ နောက်ဆုံးကမ္ဘာ့ဖလား ၁၀ ကြိမ်မှာ ၆ ကြိမ်ပဲ ခြေစစ်ပွဲ အောင်မြင်ခဲ့တယ်။
ဒါပေမဲ့ နောက်ဆုံးပြိုင်ပွဲ ၅ ကြိမ်မှာတော့ ၂၀၁၀ ကမ္ဘာ့ဖလားတကြိမ်ပဲ အုပ်စုအဆင့်ကနေ ထွက်ခွါခဲ့ရပြီး ၁၆ သင်းအဆင့် ဒါမှမဟုတ် ကွာတားဖိုင်နယ်ကို ၄ ကြိမ်အထိ တက်ရောက်နိုင်ခဲ့တယ်။ အုပ်စုတွင်း အင်အားအကြီးဆုံး ပြင်သစ်ကို နေးရှင်းလိဂ်မှာ နှစ်ကျော့စလုံး အနိုင်ရခဲ့တာဖြစ်လို့ နောက်တဆင့်တက်ဖို့အတွက်တော့ ဒိန်းမတ်ကို တနေရာပေးထားရမှာ ဖြစ်တယ်။
သြစတြေးလျ
သြစတြေးလျအသင်းဟာ အာရှဇုန်မှာ အုပ်စုတတိယနေရာပဲရခဲ့လို့ ပလေးအော့ဖ်အဆင့်ကနေ ခြေစစ်ပွဲ အောင်လာခဲ့တာဖြစ်တယ်။ ပထမအဆင့်မှာ ယူအေအီး၊ ဒုတိယအဆင့်မှာ ပီရူးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တယ်။ ခြေစစ်ပွဲအဆင့်မှာ ဂျပန်နဲ့ ဆော်ဒီအသင်းတွေနဲ့ နှစ်ကျော့ပေါင်း ၄ ပွဲမှာ နိုင်ပွဲမရခဲ့ဘဲ ၃ ပွဲရှုံး၊ ၁ ပွဲသရေကျပြီး ရဂိုးတဂိုးသာ ရခဲ့တယ်။ ဒီစွမ်းဆောင်ရည်ဟာ ကမ္ဘာ့ဖလားမှာ သြစတြေးလျအသင်းကို သံသယဖြစ်စေပြီး ပြင်သစ်နဲ့ ဒိန်းမတ်အသင်းတွေကို ယှဉ်နိုင်ဖို့ ခက်ခဲလွန်းပါတယ်။ ကမ္ဘာ့ဖလားကိုတော့ ၅ ကြိမ်ဆက်တိုက် ပါဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပေမဲ့ ၂၀၁၀ ကမ္ဘာ့ဖလားနောက်ပိုင်းမှာ နိုင်ပွဲမရတော့ပါဘူး။ အုပ်စုနောက်ဆုံးမှာပဲ ရပ်တည်ဖို့ ၄၃ ဒသမ ၅ ရာခိုင်နှုန်းအထိ သတ်မှတ်ခံထားရပါတယ်။
တူနီးရှား
အာဖရိကတိုက်ကိုယ်စားပြု တူနီးရှားဟာလည်း အုပ်စုတက်ဖို့ အခွင့်အရေး နည်းပါလှပေမဲ့ သြစတြေးလျထက်တော့ ရေပန်းစားမှုမြင့်ပါတယ်။ ဒါပေမဲ့ ပြင်သစ်နဲ့ ဒိန်းမတ်တို့လောက် ရေပန်းစားမှုမရှိဘဲ သြစတြေးလျကိုပဲ အနိုင်ရပြီး တတိယနေရာနဲ့ နှုတ်ဆက်သွားရလိမ့်မယ်လို့ သုံးသပ်ကြတယ်။ နောက်ဆုံးရလဒ်ပိုင်းအရတော့ ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ချီလီနဲ့ ဂျပန်အသင်းတွေကို ၂-ဝ၊ ၃-၀ ရလဒ်တွေနဲ့ အနိုင်ယူခဲ့တယ်။ ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ တူနီးရှားအသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲ ၅ ကြိမ်မှာလည်း အုပ်စုအဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်တယ်။
ဝဏ္ဏကို