close

ဗိဿနိုး-PDF တာဝန်ခံ ၁ ဦးကို စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ် ၂၀၃ နှစ်ချမှတ်

ဗိဿနိုး-PDF တာဝန်ခံတယောက်ကို မကွေးခရိုင်တရားရုံးနဲ့ တောင်တွင်းကြီးမြို့နယ် တရားရုံးက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၂၀၃ နှစ် ချမှတ်လိုက်တယ်လို့ ဗိဿနိုး-PDF ကနေ သိရပါတယ်။

ဗိဿနိုး-PDF တာဝန်ခံတယောက်ဖြစ်တဲ့ တောင်တွင်းကြီးမြို့ မောင်းတိုင် ၂ ရက်ကွက်က အသက် ၂၉ နှစ်အရွယ် ကိုအောင်ခန့်ဦး (ခေါ်) ပါလေးကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ မကွေးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေဖြစ်တဲ့ ၅၀(က)/၅၁(ဂ)/၅၂(က)/၅၄ တို့နဲ့ ထောင်ဒဏ် ၁၉၃ နှစ်ချမှတ်ခဲ့တာပါ။

ဒါ့အပြင် တောင်တွင်းကြီးမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(က)၊ ပေါက်ကွဲ (၃) ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာလို့ ဗိဿနိုး-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက သူ့ကိုဖမ်းမမိခင်မှာ မိသားတစုလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားကာ ဇန်နဝါရီ ၃ ရက်နေ့မှာ သူ့ကိုဖမ်းမိသွားတော့မှ မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ဖမ်းဆီခံရပြီးမှ ဖြစ်ပွားတဲ့ ဖြစ်စဥ်တွေကိုပါ ပေါင်းပြီး တရားစွဲခံခဲ့ရတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၁၇၃ နှစ် အမိန့်ချမှတ်ခဲ့တဲ့ တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်နဲ့ အမှုတွဲတွေ ပါဝင်တယ်လို့ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၆ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၁၃,၀၁၅ ယောက်ရှိပြီး အဲဒီထဲက ၁,၆၄၈ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up