close

ထီးလင်း ကျားခဲရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ ကျောက်ထုတွင် စစ်တပ် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ထပ်မံ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျားခဲကျေးရွာမှာ လူနေအိမ် ၉၀ ဝန်းကျင်ရှိပြီး လူဦးရေ ၄၀၀ ဝန်းကျင် နေထိုင်ကြကာ ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့သွားတာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဝင်လာလို့ ဒေသခံတွေကတော့ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာကို ပြန်ပြီး မဝင်ရဲသေးတာကြောင့် အိမ်ခြေဘယ်လောက် လောင်ကျွမ်းတယ်ဆိုတာ မသိရ‌သေးဘူးလို့ ထီးလင်းဒေသခံတဦးက ဒီ‌ဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်ကလည်း ကျားခဲရွာက လူနေအိမ် ၁၄ လုံးနဲ့ နွားစာတိုက်တွေကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

အောက်တိုဘာ ၂၆ ရက်ကလည်း ထီးလင်းမြို့နယ်၊ အိုင်းမရွာက ဒေသခံနေအိမ် ၆ လုံးနဲ့ ချောင်းပေါက်လမ်းခွဲက ဆိုင်ခန်း ၂ ခန်းကို စစ်ကောင်စီတပ်သားတွေ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၉၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာနေပြီ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာတော့ ကျောက်ထုမြို့နယ်ခွဲထဲမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီ လက်အောက်ခံ ကျောက်ထုတပ်ကနေ နိုဝင်ဘာ ၁၅ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကံကြီးကျေးရွာက အမျိုးသမီးတဦး လက်နက်ကြီးကျည်ထိမှန်ပြီး စိုးရိမ်ဒဏ်ရာ ရရှိခဲ့ကာ ကျေးရွာတွေထဲက နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရင့်ရဲကျေးရွာ၊ ကံကြီးကျေးရွာက နေအိမ်တွေလည်း ပျက်စီးခဲ့ပြီး လျှပ်စစ်မီးကြိုးတွေလည်း လက်နက်ကြီး ထိမှန်ခဲ့တဲ့အတွက် ယောမြို့အပါအဝင် ကျေးရွာ ၄ ရွာလည်း လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၁ လအတွင်း ပြည်သူ ၂,၄၀၀ ကျော် ပစ်ခတ် သတ်ဖြတ်ခံရပြီး နေအိမ်အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကာ အဲဒီထဲမှာ မကွေးတိုင်းထဲက နေအိမ်တွေက ဒုတိယအများဆုံးဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲအစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up