အီရတ်တွင် ဓာတ်ငွေ့ပေါက်ကွဲပြီး လူ ၆ ဦးသေဆုံး၊ ၃၀ ဒဏ်ရာရ

အီရတ်နိုင်ငံမြောက်ပိုင်း ဆူလိုင်မနီယာမြို့ရှိ လူနေရပ်ကွက်တခုမှာ နိုဝင်ဘာ ၁၇ ရက်က ဓာတ်ငွေ့ဆလင်ဒါကြီးတခု ပေါက်ကွဲသွားလို့ လူ ၆ ယောက် သေဆုံးပြီး ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မီးသတ်သမားတွေဟာ ပြိုကျတဲ့အိမ်တွေကနေ ပျောက်ဆုံးသူတွေကို ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။
မီးလောင်မှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး အနည်းဆုံး ယာဉ်ငါးစီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အရပ်ဘက်ကာကွယ်ရေး မီးသတ်သမားတွေက မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
နေအိမ်တလုံးရဲ့ ခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ ဟင်းချက် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုကြောင့် အနည်းဆုံး အိမ် ၃ လုံး ပျက်စီးသွားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။