close

အီရတ်‌မြောက်ပိုင်းရှိ ကာ့ဒ်ဒေသ စစ်သွေးကြွပစ်မှတ်များကို အီရန်တပ်က တိုက်ခိုက်

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အိမ်နီးချင်း အီရတ်မြောက်ပိုင်းမှာရှိတဲ့ ကာ့ဒ်ဒေသက စစ်သွေးကြွပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန် အရာရှိတ‌ယောက်က စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

လူဦးရေ ၁၀ သန်းကျော်တဲ့ ကာ့ဒ်အများစုနေထိုင်ရာ နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ အခု မငြိမ်မသက်မှုတွေအတွင်း လက်နက်ကိုင် ကာ့ဒ် အတိုက်အခံတွေ ပါဝင်ပတ်သက်နေတယ်လို့ အီရန်အာဏာပိုင်တွေက စွပ်စွဲခဲ့ပြီးတဲ့နောက် အခုလို တိုက်ခိုက်ခဲ့တာပါ။

အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသမှာရှိတဲ့ အာရ်ဘီနဲ့ ဆူလိုင်မာနီယာ မြို့တွေနားက တိုက်ခိုက်မှုအတွင်း လူ ၉ ယောက်သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အီရတ် ကျန်းမာရေးဝန်ကြီး ဆာမန် ဘာရာဇန်ချီက သတင်းထုတ်ပြန်ထားပါတယ်။

“ဒဏ်ရာရသူတချို့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး သေဆုံးသူဦးရေ တိုးလာနိုင်တယ်” လို့ ဘာရာဇန်ချီက ပြောပါတယ်။

အီရတ်ရဲ့ ဆူလိုင်မာနီယာမြို့နားမှာ ဗုဒ္ဓဟူးနေ့မနက်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုတွေဟာ ကာ့ဒ်စခန်း ၁၀ ခုထက်မနည်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရတ် ကာ့ဒ်သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

ပြည်ပရောက် အီရန် ကာ့ဒ် အတိုက်အခံပါတီတခုဖြစ်တဲ့ ခိုမာလာရဲ့ အကြီးတန်းအဖွဲ့ဝင် တယောက်က သူတို့ရဲ့ ရုံးခန်းအများအပြားလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတ‌ယောက် အပါအဝင် လူ ၂ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ အီရတ် ကာ့ဒ်ဒေသ ကိုယေမြို့တော်ဝန် တာရစ်ခ် ဟိုင်ဒါရီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒဏ်ရာရသူတချို့ စိုးရိမ်ရတဲ့အတွက် အာရ်ဘီမြို့ဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အီရန်ရဲ့ ထိပ်တန်းစစ်ဘက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒေသတွင်း အကြမ်းဖက်သမားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up