close

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်အချင်းချင်း မှားယွင်းပစ်ခတ်သဖြင့် ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်လွန်းကျေးရွာအုပ်စုရှိ ဖာခေတ်ရွာအနီး နမ့်ဖလွန်တောင်‌မှာ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ် အချင်းချင်း မှားယွင်းပစ်ခတ်တာကြောင့် ၃ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက “၃ ဦးသေတယ်။ ၂ ဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ။ နမ့်ဖလွန်တောင်ပေါ်ဘက် သယ်တက်လာနေတယ်။ ဒီမနက်တော့ သူတို့အချင်းချင်းပဲ တိုက်ပွဲဖြစ်ကြတယ်” လို့ ပြောပါတယ်။

အဲဒီ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်လည်း ဒဏ်ရာတော်တော်ပြင်းထန်ပြီး စိုးရိမ်ရကြောင်း ဆိုပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနက် ၉ နာရီခွဲကျော်လောက်က ကွတ်ခိုင်အကျော် နမ့်ဖလွန်‌တောင် ဖာခေတ်ရွာအထက်ဘက်က တောင်မှာ ပြည်သူ့စစ်ဝတ်စုံဝတ်ပြီး တက်လာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ အဲဒီတောင်ပေါ်မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ အချင်းချင်း မှားယွင်းပစ်ခတ်မိတယ်လို့ ပါတယ်။

နောက်ထပ် ဒေသခံတဦးကလည်း “ပြည်သူ့စစ်ထင်နေတာ၊ မဟုတ်ဘူး။ စစ်ကောင်စီအဖွဲ့က ပြည်သူ့စစ်ဝတ်စုံဝတ်ပြီး လှုပ်ရှား‌နေတာ။ အဲ့မှာ သေသွားတဲ့သူတွေအားလုံးက စစ်ကောင်စီပဲ” လို့ ရှင်းပြပါတယ်။

အဲဒီအနီးမှာ လက်ရှိသွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ထဲ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့သူ တော်တော်ပါနေပြီး တကယ့်ပြည်သူ့စစ်က မပါဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီခြေလျင်တပ်အချင်းချင်း မှားယွင်းပစ်ခတ်မိပြီး ခုလို သေဆုံး ဒဏ်ရာရတာကို အရင်က မကြားမိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ကွတ်ခိုင်အကျော် အမှိုက်ပုံနား၊ နော်ဆွေရွာအကျော်နားနဲ့ ဖာ‌ခေတ်ရွာနား စတဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြား ပြည်ထောင်စုလမ်းမပေါ် နေရာသုံးခုမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ ၆၊ တပ်ရင်း ၉၊ တပ်မဟာ ၄၊ တပ်ရင်း ၈ ပူးပေါင်းအဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး စစ်ကောင်စီကား ၂ စီး ဘဇူကာကျည်ထိမှန် ပျက်စီးခဲ့ပြီး ကျန်သုံးစီးကိုတော့ လက်နက်သေးထိမှန်ခဲ့ကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up