close

မုန်တိုင်းငယ် မြန်မာဘက် ဦးတည်ရွှေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့်  အခြေအနေမရှိလို့ အဝါရောင်အဆင့်ဟု သတ်မှတ်တယ်လို့ မိုးဇလဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။

မေလ ၇ ရက် မြန်မာစံတော်ချိန်  ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်လျက်နေတဲ့ ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ, အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်တောင်ဘက် ရေမိုင်(၁၅၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင်(၆၃၀)မိုင်ခန့်၊ ပူရီမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင်(၆၅၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင်(၂၉၅)မိုင်ခန့်နဲ့ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင်(၄၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက် လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်  ၃၀ နှုန်းဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်တယ်လို့ဆိုပါတယ်။

မုန်တိုင်းဟာ အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားပြီး မေလ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန်- ဩရိဿ ကမ်းခြေ)သို့ ရောက်ရှိနိုင်ကာ မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလား ပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းလွန်)သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်၊  မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်လို့ သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင် လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက  အသိပေးနှိုးဆော်ထားပါတယ်။

Photo- မိုးဇလ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up