close

ဗန်းမော်တွင် စစ်ကောင်စီတပ်က မီတာပုံးများ အတင်းအဓမ္မဖြုတ်သိမ်းနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နိုဝင်ဘာလအတွင်း မီတာကြေးမပေးဆောင်တဲ့၊ အရစ်ကျ ပေးဆောင်နေတဲ့ အိမ်တွေက မီတာပုံးတွေကို လျှပ်စစ်ရုံးက စာရင်းရယူပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်စုမှူးတွေနဲ့အတူ အင်အားအများအပြားနဲ့ အတင်းအဓမ္မ လိုက်လံဖြုတ်သိမ်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ကျနော်တို့အိမ်က မီတာပုံးလည်း ဒီနေ့ အဖြုတ်ခံလိုက်ရတယ်။ မီတာလည်း လာမဖတ်ဘဲ ကျနော်တို့က ဘယ်လိုလုပ်ရမလဲဗျ။ အရင်ကပေးထားတဲ့ မဆောင်ရသေးတဲ့ မီတာခတွေလည်း ဝင်ငွေနဲ့အလိုက် ဖဲ့သွင်းနေတာပဲ။ သိန်းကဏန်းဖြစ်နေတော့ တခါတည်းတော့ ဘယ်အကြေသွင်းနိုင်ပါ့မလဲ” လို့ ပြောပါတယ်။

ဒေသခံ အမျိုးသမီးတဦးကလည်း “ဒီ နိုဝင်ဘာလထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူပြီး ပြန်/ဆက်ရုံးနဲ့ မီတာရုံးက ဝန်ထမ်းတွေ ကားတွေနဲ့ ၂ ရက်လောက် မြို့ထဲလိုက်ကြေညာတယ်။ မီတာကြေးလာဆောင်ကြဖို့နဲ့ မဆောင်ရင် ဖြုတ်သိမ်းမယ်ဆိုပြီး ၄ ရက်လောက်နေတော့ လာဖြုတ်သိမ်းကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်း အင်အားအလုံးအရင်းနဲ့ မြို့ထဲရပ်ကွက်တွေအပေါ် ဖိအားပေး လက်နက်ပြ ခြိမ်းခြောက်ကာ မီတာပုံးတွေကို အတင်းအဓမ္မ ဖြုတ်သိမ်းတာ ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး ဗန်းမော်က မီတာရုံးမှာလည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၂ ခုနှစ် မေလပိုင်းတွေက ၂ ကြိမ်တိုင်တိုင် လက်လုပ်ဗုံး ပေါက်ကွဲခဲ့ကာ လူသေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up