ဗာဂျီးနီးယားပြည်နယ်ရှိ စျေးဝယ်စင်တာတွင် ပစ်ခတ်မှုဖြစ်ပြီး ၇ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ ချက်စာပိခ်မြို့ရှိ ဝေါလ်မတ် ဈေးဝယ်စင်တာမှာ နိုဝင်ဘာ ၂၂ ရက် ညပိုင်းက ပစ်ခတ်မှုအတွင်း လူ ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အစောပိုင်းကတော့ လူ ၁၀ ဦးထက်မနည်း အသတ်ခံရတယ်လို့ ယူဆခဲ့ပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ ချက်စာပိခ်မြို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး သေဆုံးမှုတွေကို အတည်ပြုလို့ရပြီဖြစ်ကြောင်း ပြည်သူ့သတင်း ပြန်ကြားရေးအရာရှိ လီယို ကိုဆင်စကီးက ပြောပါတယ်။
အဲဒီအချိန်က ရဲတွေဟာ ပုန်းခိုစရာတွေရှိတဲ့ ကုန်တိုက်ကြီးထဲမှာ ဒဏ်ရာရထားသူတွေနဲ့ ဒဏ်ရာရရှိနိုင်တဲ့ ဓားစားခံတွေကို ရှာဖွေနေဆဲဖြစ်ကြောင်း သူကပြောပါတယ်။
ကျူးလွန်သူဟာ သေဆုံးသွားတဲ့ သေနတ်သမားတဦးသာ ရှိမယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားကြောင်းလည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့ဟာ အခုချိန်အထိ သေနတ်သမားလို့ သံသယရှိသူနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မဖော်ပြထားပေမဲ့ မီဒီယာတချို့ကတော့ သူ့ကို စတိုးဆိုင်ရှိ မန်နေဂျာတဦးအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။
သေနတ်သမားကို ဝေါလ်မတ်မှာ အလုပ်ခန့်ထားခြင်း ရှိ၊ မရှိကို ရဲတပ်ဖွဲ့က မသိရသေးကြောင်း ကိုဆင်စကီးက ပြောကြားခဲ့ပါတယ်။
သေနတ်သမားဟာ သူ့ဘာသာ ဒဏ်ရာတွေနဲ့ သေဆုံးခြင်း ရှိ၊ မရှိကို ရဲတပ်ဖွဲ့က ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဆိုင်အတွင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ရဲက ယုံကြည်ထားပေမဲ့ ကုန်တိုက်အပြင်ဘက်မှာ အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကို ဘာပစ်ခတ်မှုမှ မလုပ်ခဲ့ကြောင်းနဲ့ ရဲတွေရောက်လာတဲ့အခါ ပစ်ခတ်မှုရပ်သွားပြီလို့ ကိုဆင်စကီးက ပြောပါတယ်။
ဝေါလ်မတ် ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ ကျင်းပမှာဖြစ်ကြောင်း ချက်စာပိခ်မြို့တော်က တွစ်တာမှာ ပြောထားပါတယ်။
ဒီအကြမ်းဖက်မှုအတွက် အံ့အားသင့်ခဲ့ရပြီး တရားဥပဒေစိုးမိုးရေးနဲ့ အနီးကပ် လုပ်ဆောင်နေတယ်လို့ ဝေါလ်မတ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဆိုထားပါတယ်။