ဆီးရီးယား အနောက်မြောက်ပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီး အရပ်သား ၅ ဦးသေဆုံး

သူပုန်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Azaz မြို့ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံဆေးရုံမှ သူနာပြုတဦးနဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ၁ ဦးနဲ့ အမျိုးသား ၄ ဦး ပါဝင်ကြောင်း Azaz မြို့ ဆေးရုံမှ သူနာပြုနဲ့ တက်ကြွလှုပ်ရှားသူတဦးက ရိုက်တာကို ပြောပါတယ်။
တူရကီ ကျောထောက်နောက်ခံပြု အစ္စလာမ္မစ် သူပုန်တွေရဲ့ ထိန်းချုပ်မှုအောက်က တူရကီနယ်စပ်အနီး ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ ဒုံးကျည်တိုက်ခိုက်မှု ဘယ်သူလုပ်ဆောင်တယ် ဆိုတာကို အတည်မပြုနိုင်ပါဘူး။
ယာဇန် အယ်လ်ကာဆမ်က အွန်လိုင်းမှာတင်ထားတဲ့ ရုပ်သံဗွီဒီယိုမှာ အရေးပေါ်ယာဉ် အချက်ပေးဥသြသံတွေကိုလည်း ကြားနေရပြီး လူတွေကလည်း မြို့ရဲ့လမ်းတခုမှာ အပျက်အစီးတွေနား စုရုံးနေတာတွေကို မြင်ရပါတယ်။
တူရကီနဲ့ ဆီးရီးယားရှိ ကာ့ဒ် YPG ပြည်သူ့စစ်အဖွဲ့တို့ဟာ နယ်စပ်နှစ်ဖက်စလုံးက အရပ်သားတွေကို သေဆုံးစေခဲ့တဲ့ အပြန်အလှန် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်နေကြပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ YPG အဖွဲ့တွေကို တူရကီရဲ့ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် ရက်အနည်းငယ် အကြာမှာပဲ အခုဖြစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။