close

ကြားကာလပညာရေး IBEST ကျောင်းသားစာရင်းပေါက်ကြားပြီး အရေးပေါ် ကျောင်းပိတ်

တော်လှန်ရေးကြားကာလ ပညာသင်ကြားရေးကျောင်းတခုရဲ့ ကျောင်းသားစာရင်းတချို့ ပေါက်ကြားသွားခဲ့ပြီးနောက် ကျောင်းကို အရေးပေါ်ပိတ်ထားလိုက်ရပါတယ်။ 

Interim Basic Education School – Thingangyun (IBEST) ရဲ့ ကျောင်းသားစာရင်း အချက်အလက်တချို့ကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အုပ်စုမှာ နိုဝင်ဘာ ၂၃ ရက်က ဖော်ပြတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေကြောင့် အရေးပေါ်လုံခြုံရေးအစီအစဉ်တွေလုပ်ပြီး အတတ်နိုင်ဆုံး လုံခြုံရေးအဆင့်မြှင့်တင်ခဲ့သလို ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမ တွေကိုလည်း လုံခြုံရေးဆိုင်ရာ သတိပေးချက်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်နေပြီး အန္တရာယ်ကင်းရှင်းစေဖို့ လုပ်နေတယ်လို့ IBEST SCHOOL က ထုတ်ပြန်ထားပါတယ်။

IBEST SCHOOL ရဲ့ အတန်းတွေအားလုံးကိုလည်း အရေးပေါ်အခြေအနေအရ ပိတ်ထားလိုက်ပြီး အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ကျောင်းကြီးကြပ်ရေးကော်မတီအနေနဲ့ တာဝန်ယူ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနဆီကိုလည်း အသေးစိတ် အစီရင်ခံစာတင်ပြထားတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ မြို့နယ်အဆင့် သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး စုံစမ်းစစ်ဆေးတာနဲ့ အရေးပေါ်လုပ်စရာရှိတာတွေကို အထူးကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။ 

ကျောင်းရဲ့ စစ်ဆေးချက်တွေအရတော့ စစ်အုပ်စုရဲ့တယ်လီဂရမ်မှာ ဖော်ပြခဲ့တာက IBEST SCHOOL ရဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ အတန်းလိုက် သက်ဆိုင်ရာ ကျောင်းသားကုဒ်နံပါတ်တွေ မပေးခင်အချိန်က Batch-1 G10 section B Group မှာ ကျောင်းသားစာရင်းကို အတည်ပြုချပြခဲ့တဲ့ အချက်အလက်တွေဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

အဲဒါကို စကရင်ရှော့လုပ်ထားခဲ့တာဖြစ်ပြီး တချို့ကျောင်းသားကျောင်းသူတွေဟာ ကျောင်းထွက်ထားသူတွေဖြစ်တယ်လို့လည်း ကျောင်းက ဆိုပါတယ်။ 

၂၀၂၂ ခုနှစ် ဇူလိုင်မှာတော့ အတန်းအသီးသီးက တယ်လီဂရမ်အုပ်စုတွေအစား လုံခြုံရေးမြှင့်တင်ပြီး တယ်လီဂရမ်ချန်နယ်အဖြစ်ပြောင်းလဲခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း Kaung For You Education အွန်လိုင်းပညာသင်ကျောင်း တည်ထောင်သူ ဆရာကောင်းသိုက်စိုးနဲ့ ဆရာ၊ ဆရာမတချို့အဖမ်းခံရတဲ့သတင်းနဲ့   အချက်အလက်တွေ ပေါက်ကြားတယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီး လုံခြုံရေးအရ ကျောင်းကို ရပ်နားထားခဲ့ရတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up