ရုရှားလေကြောင်းတိုက်ခိုက်မှု ဟန့်တားရန် ကုလလုံခြုံရေးကောင်စီကို ယူကရိန်းမေတ္တာရပ်ခံ

ဆောင်းရာသီမှာ ယူကရိန်းမြို့ကြီးတွေ မှောင်မည်း အေးခဲသွားစေလောက်အောင် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ရုရှားလေကြောင်း တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မေတ္တာရပ်ခံလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ တရစပ်ပစ်ခတ်ခဲ့လို့ နျူဓာတ်အားပေးစက်ရုံတွေကို ပိတ်ပစ်ခဲ့ရပြီး ကိယက်ဗ်မြို့တော်မှာ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။
“ဒီနေ့တရက်ပဲ ရှိသေးပေမဲ့ ဒုံးကျည်အစင်း ၇၀ လောက် ရထားတယ်။ အဲဒါက ရုရှားရဲ့ အကြမ်းဖက်ဖော်မြူလာပါပဲ” လို့ နယူးယောက်မြို့အခြေစိုက် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဗီဒီယိုလင့်ခ်ကနေတဆင့် ပြောခဲ့ပါတယ်။
ဆေးရုံတွေ၊ ကျောင်းတွေ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ လူနေရပ်ကွက်တွေအားလုံးကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားလေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံတွေကို ပြန်တည်ဆောက်မယ်လို့ နိုဝင်ဘာ ၂၃ ရက်ထုတ် ဗီဒီယိုတခုမှာ ပြောခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေကိုလည်း မချိုးဖျက် မပြိုကွဲနိုင်တဲ့ ပြည်သူတွေလို့ ခေါ်ဆိုခဲ့ပါတယ်။
ဆောင်းရာသီအစမှာ ယူကရိန်းမြို့ကြီးတွေကို မှောင်မိုက်အေးခဲသွားစေဖို့ ရုရှားအစိုးရက ယူကရိန်းတဝန်းမှာ ဒုံးကျည်တွေ မိုးရွာသလို တရစပ် ပစ်ခတ်ခဲ့လို့ အရပ်သားတွေ သေဆုံးပြီး အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
မြို့တော် ကိယက်ဗ်ရဲ့ အစွန်အဖျားတွေမှာ ပေါက်ကွဲသံတွေ ကြားရပြီး အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦး အပါအဝင် လူ ၃ ဦး သေဆုံးပါတယ်။ အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ပြောပါတယ်။
မြို့တော်အတွင်းနဲ့ အနီးတဝိုက်မှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ဆောင်းရာသီ ပထမဆုံးနှင်းတွေ ကျဆင်းလာပြီဖြစ်လို့ လူသန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအတွက် အာဏာပိုင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။