ထိုင်ဝမ်သမ္မတချိုင်အင်းဝမ် DPP ပါတီခေါင်းဆောင် ရာထူးမှ နုတ်ထွက်

ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ဟာ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ အကြီးအကဲ ဥက္ကဋ္ဌ အဖြစ်ကနေ နိုဝင်ဘာ ၂၆ ရက်မှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကို စစ်ဆင်နွှဲမယ့် အရိပ်နိမိတ် တိုးလာတာကို အာခံတဲ့နည်းနဲ့ သူ့ပါတီ လူထုထောက်ခံမှုရဖို့ ကြိုးစားတဲ့ ဗျူဟာကမအောင်မြင်ခဲ့တဲ့နောက်မှာ ခုလို ပါတီခေါင်းဆောင် ရာထူးက နုတ်ထွက်တာလို့ ရိုက်တာ သတင်းဌာနက သုံးသပ်ပါတယ်။
ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်တဲ့ တရုတ်နဲ့ စစ်ရေးတင်းမာမှုတွေကြားမှာ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ချိုင်က ပြောဆိုခဲ့သလို ထိုင်ဝမ်ရဲ့ ဒေသန္တရ မဲတွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
အဓိက အတိုက်အခံပါတီ KMT က မြို့တော်တိုင်ပေအပါအဝင် မြို့တော်ဝန် ၂၁ နေရာနဲ့ ခရိုင်အကြီးအကဲနေရာ ၁၃ နေရာအတွက် ဦးဆောင် အနိုင်ရထားတယ်လို့ အခိုင်အမာ ပြောပါတယ်။
ဗဟိုအစိုးရဟာ အလွန်လုံ့လဝီရိယရှိပေမယ့် ဒီလိုမျိုး (ရွေးကောက်ပွဲ) ရလဒ်ကို ရင်ဆိုင်ရတဲ့ အတွက် လေးလေးနက်နက် စဉ်းစားစရာတွေ အများကြီးရှိပါတယ်။” လို့ ပါတီဌာနချုပ်မှာ ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ ချိုင်က သတင်းထောက်တွေကို ပြောပါတယ်။
DPP ရဲ့ အကြီးတန်း အဖွဲ့ဝင်လည်းဖြစ်တဲ့ ဝန်ကြီးချုပ် စူးဆန်းချန်းကတော့ ရာထူးကနေ နုတ်ထွက်မယ့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ ချိုင်ကပြောပါတယ်။
ချိုင်ရဲ့ မူဝါဒတွေကို မှန်မှန်ကန်ကန် အကောင်အထည် ဖော်နိုင်စေဖို့ စူးအနေနဲ့ ရာထူးမှာ ဆက်ရှိနေဖို့ တောင်းဆိုထားတယ်လို့လည်း ချိုင်က ပြောပါတယ်။