ယူကရိန်းကို ဆက်လက်ကူညီသွားမည်ဟု ထိုင်ဝမ်သမ္မတပြော

ထိုင်ဝမ်ဟာ ယူကရိန်းနိုင်ငံသားတွေကို သူတို့နိုင်ငံရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ကြိုးပမ်းရာမှာ ကူညီခွင့်ရတာ ဂုဏ်ယူမိကြောင်းနဲ့ ဆက်လက်ကူညီသွားမယ်လို့ ထိုင်ဝမ်သမ္မတက စက်တင်ဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုက်အင်းဝမ်က နယူးယောက်မြို့မှာရှိတဲ့ ကွန်ကရိုးဒီးယားထိပ်သီးအစည်းအဝေး အကြိုမှတ်တမ်းတင် ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းဟာ လူအများစုဆီကနေ ရရှိခဲ့တဲ့ ဒေါ်လာ သန်း ၃၀ ကျော်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအတွက် လှူဒါန်းခဲ့ပြီး ရုရှားနိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားရာမှာလည်း ပါဝင်ခဲ့ပါတယ်။
ယူကရိန်းရဲ့အတိဒုက္ခကို ထိုင်ဝမ်က ကျယ်ကျယ်ပြန့်ပြန့် စာနာခဲ့ပြီး အဲဒီအခြေအနေဟာ ထိုင်ဝမ်ရဲ့ တရုတ်ဆီကနေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ခြိမ်းခြောက်မှုတွေကို ပြိုင်တူမြင်နေရကြောင်း တိုင်ပေအစိုးရက ပြောထားပါတယ်။
ထိုင်ဝမ်ဟာ စစ်ရေးအရ ခြိမ်းခြောက်မှုနဲ့ သြဇာလွှမ်းမိုးမှုဆိုင်ရာ စစ်ဆင်ရေးတွေ အပါအဝင် တရုတ်ဆီကနေ ပိုပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ထိုင်ဝမ်သမ္မတက ပြောကြားခဲ့ပါတယ်။