close

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ လစာမရသေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း အများစုဟာ နိုဝင်ဘာလအတွက် လစာကို ဒီဇင်ဘာ ၁ ရက်အထိ မရသေးဘူးလို့ လစာမရသေးတဲ့ ဝန်ထမ်းတွေဆီက သိရပါတယ်။

လစာငွေမရတာဟာ စစ်တွေ-ပုဏ္ဏားကျွန်းလမ်း ပိတ်ထားတဲ့အတွက် ပုဏ္ဏားကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ ငွေပြတ်နေတာကြောင့် လစာမရသေးဘူးလို့ ဝန်ထမ်းတချို့က ပြောပါတယ်။

ဝန်ထမ်းတဦးက “မနေ့က လကုန်တယ်။ ဘဏ်မှာ ငွေမရှိလို့ လစာငွေမရဘူး။ ဒီနေ့လည်း မရဘူး။ ဘယ်နေ့ရမလဲတော့ မသိတော့ဘူး။ ရွှေပေါင်ပြီး မိသားစု စားသောက်နေကြရတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာလအတွက် လစာကို ပုဏ္ဏားကျွန်းမြို့နယ်က ဝန်ထမ်းတွေသာ မရသေးတာဖြစ်ပြီး ကျန်မြို့နယ်တွေမှာတော့ လစာရပြီးဖြစ်တယ်လို့ လစာရပြီးတဲ့ စစ်ကောင်စီ ဝန်ထမ်းတွေထံက သိရပါတယ်။

နောက်ထပ်ဝန်ထမ်းတဦးက “စစ်တွေ-ပုဏ္ဏားကျွန်းလမ်း ပိတ်ထားတော့ စီးပွားရေးဘဏ်မှာ ငွေပြတ်နေတယ်လို့ သိရတယ်။ စစ်တွေက ငွေသယ်ဖို့ လုံခြုံရေးထုတ်မပေးဘူး သိရတယ်။ ဘယ်နေ့ ပိုက်ဆံရမယ် ဆိုတာကိုတော့ မပြောဘူး” လို့ ဆိုပါတယ်။

ဆင်အင်းကြီးရွာနဲ့ ပဒေသာရွာကြားမှာ နိုဝင်ဘာ ၁၀ ရက်က စစ်ကောင်စီရဲ့ ရိက္ခာကားတစီးကို အေအေက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပုဏ္ဏားကျွန်းမြို့နယ်အနောက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နိုဝင်ဘာ ၂၆ ရက်မှာတော့ လူသားချင်းစာနာမှုအရ နှစ်ဖက် အပစ်အခတ်ရပ်စဲပြီး ရေလမ်းကြောင်း အများစုကို စစ်ကောင်စီက ဖွင့်ပေးလိုက်ပေမဲ့ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းနဲ့ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို စစ်ကောင်စီက ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up