close

ဖမ်းဆီးခံ ACPLF အဖွဲ့ဝင်များကို ဘဏ်ဓားပြဟု စစ်ကောင်စီ မဟုတ်မမှန် ဝါဒဖြန့်

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ ဗိုလ်တထောင်မြို့နယ်တို့မှာ နိုဝင်ဘာ ၂၆ ရက်မှ  ၃၀ ရက် အတွင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ ACPLF Rangers နဲ့ AFF အဖွဲ‌ဝင် ၉ ဦး စစ်ကောင်စီရဲ့ ဖမ်းဆီး ခံခဲ့ရပါတယ်။

နိုဝင်ဘာ ၂၆ ရက်က ACPLF rangers အဖွဲ့ဝင်တဦးရဲ့ နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး ACPLF ဟာ ဓားပြမှု ကျူးလွန်ဖို့ အားထုတ်တယ်လို့ စစ်ကောင်စီက မဟုတ်မမှန်သတင်းလွှင့်ခဲ့တဲ့ပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ACPLF rangers က ထုတ်ပြန်ပါတယ်။

အဆိုပါ ဖမ်းဆီးခံ အဖွဲ့ဝင်တွေက ဘဏ်ဓားပြတိုက်မှုကို ကျူးလွန်ဖို့ စီစဉ်နေခဲ့တယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။

ACPLF Rangers နဲ့ AFF အဖွဲ့တွေက ရန်ကုန်၊ မြောက်ဒဂုံမြိုနယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်၊ ၂၇ ရက်၊ ၃၀ ရက်နေ့မှာ ACPLF အဖွဲဝင် ၄ ဦး၊  AFF အဖွဲဝင် ၁ ဦး တို့ကို မြောက်ဥက္ကလာမှာ ဖမ်းဆီးခံရပါတယ်။

နိုဝင်ဘာလ ၃၀ ရက် နေ့လယ်မှာတော့ ACPLF ၊ AFF အဖွဲ့ဝင် ၄ ဦးကို ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားရှေ့ လူကူးခုံးကျော်တံတားပေါ်မှာ စစ်ကောင်စီက ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ACPLF အဖွဲ့ဝင်တွေကို ပစ္စတိုသေနတ် တစ်လက်၊ ကျည် ၁၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံး နဲ့အတူ ဖမ်းမိထားပြီး အဆိုပါ အဖွဲ့ဝင်တွေက သာကေတမြို့နယ်က KBZ ဘဏ်ခွဲတခုကို ဓားပြတိုက်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီက မဟုတ်မမှန် ဝါဒဖြန့် သတင်းထုတ်ပြန်ထားတာပါ။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် ပကဖ တာဝန်ခံ အက္ခရာက “PDF ဆိုတာ ပြည်သူကနေ ဖြစ်ပေါ်လာတာပါ။ အာဏာမသိမ်းခင်က ဘဝကိုယ်စီ ရှိခဲ့ကြပါတယ်။ ကျိန်းသေတာက PDF ထဲကို ဝင်လာတဲ့ လူငယ်တွေက သူခိုးဂျပိုးအလေအလွင့် မပါဘူး။  ဓားပြတိုက်စားမှ အသက်ဆက်လို့ရမယ်ဆိုရင် ငတ်သေခံလိုက်ပါမယ်၊ ပြည်သူကို ဓားပြတိုက်မယ့်အလုပ် ဘယ်သောအခါမှ မလုပ်ပါဘူး၊  အာဏာသိမ်းပြီးကတည်းက ဖြစ်သွားတဲ့  ဓားပြမှုတွေ၊ ပြည်သူတွေ ထိခိုက်စေတဲ့ ကိစ္စတွေကိုပဲ ကြည့်၊ စကစ ဘက်က လူတွေ အနားတင်ပါ။ တခါတလေ ဘဏ်ဓားပြမှုမဖြစ်ခင် အဲဒီဘဏ်ကို စစ် (--) တွေ ရောက်နေတတ်ပါသေးတယ်။ သူတို့ရောက်ပြီးမှ ဓားပြမှုတွေ ပြည်သူကို ထိခိုက်စေတဲ့ ဖောက်ခွဲမှုတွေ သာဓက ရှိခဲ့ပါတယ်။ ပြောချင်တာက ပြည်သူကို ဒုက္ခပေး ဓားပြတိုက်၊ အိမ်တွေ မီးရှို့တာက စစ်ခွေးတွေပါ။ PDF က ဒီလို အလုပ်မျိုး ဘယ်သောအခါမှ မလုပ်ပါဘူး”လို ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ပုဇွန်တောင်ဘူတာ လုယက်မှု ထုတ်ပြန်ချက်မှာလည်း ဖမ်းဆီးခံရတဲ့ မြိုပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ လုပ်ခဲ့တာလို သတင်းထုတ်ပြန်ဖူးခဲ့ပြီး သက်ဆိုင်တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲက လုယက်မှုဖြစ်စဉ် မလုပ်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up