close

အလုပ်သမားရပိုင်ခွင့်အခွင့်အရေးများ ချိုးဖောက်ခံရပါက အထည်ချုပ်လုပ်ငန်းရှင်အသင်းထံ တိုင်ကြားနိုင်

လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ချိုးဖောက်ခံရတာရှိပါက အွန်လိုင်းမှတဆင့် တိုင်ကြားနိုင်တယ်လို့  မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ကြေညာထားပေမဲ့ အယုံအကြည်မရှိတဲ့ အကြောင်း အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဟာ တစတစနဲ့ ဆုံးရှုံးလာတာကို လုပ်ငန်း ရှင်တွေကလည်း မသိကျိုးကျွန် ပြုထားကြပါတယ်။

အဲ့ဒီလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အခွင့်အရေး ချိုးဖောက်ခံရတဲ့ အလုပ်သမားတွေအနေနဲ့ မိမိတို့အသင်းထံ အွန်လိုင်းမှတဆင့် တိုက်ရိုက် တိုက်ကြားနိုင်တယ်လို့ ပြောဆိုလာတာက ကောင်းမွန်ပေမဲ့ ရည်ရွယ်ချက် မှန်ကန်ဖို့တော့ လိုတဲ့အကြောင်း အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြထားပါတယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “တကယ်တမ်း ညှိနှိုင်းဖြေရှင်း ပေးနိုင်တယ်ဆိုရင် အစိုးရရုံးအထိ သွားစရာ မလိုဘူးလေ။ အလုပ်သမား ရပိုင်ခွင့်နဲ့ ပတ်သတ်ပြီး တရက် အလုပ်ချိန် ၈ နာရီ ထက်ကျော် သွားရင် အချိန်ပိုကြေးပေးရမယ်။ လုပ်ငန်းခွင်အတွင်းမှာ ခွဲခြား ဆက်ဆံမှု မရှိရဘူး။ ပြောရရင် တကယ်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ လက်တွေ့ကျကျပြောရရင် ကျမကို တရားစွဲခဲ့တဲ့ စက်ရုံပိုင်ရှင်ဟာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သတ်ပြီး မပေးတာကြောင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး အထိ ကျမ ဆက်သွယ်ပြီး ဒီစက်ရုံက ဒီလိုချိုးဖောက်မှု ရှိနေပါတယ်။ ဒါကြောင့် စက်ရုံပိုင်ရှင်က ညှိနှိုင်းပေးမယ်ဆိုရင် အဆင်မပြေဘူးလားလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ့စက်ရုံပိုင်ရှင်က လာလည်း မလာခဲ့ဘူး။ ညှိနှိုင်းမှုလဲမရှိခဲ့ဘူး။ ဆိုတော့ တကယ် စေတနာ အမှန် နဲ့ ရည်ရွယ်ချက် မှန်ကန်ပါ့မလားလို့ ကျမတို့က သံသယ ရှိတယ်”လို့  ပြောပါတယ်။

ဒီ့အပြင် အလုပ်ရှင်နဲ့အလုပ်သမားအကြား အငြင်းပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ လုပ်ငန်းရှင်တွေက အလုပ်သမားတွေဘက်ကသာ မှားတယ်ဆိုတဲ့ တဖက်သတ်အမြင်နဲ့ ဖြေရှင်းနေတာတွေက လက်ခံနိုင်စရာ မရှိဘူးလို့ သမဂ္ဂခေါင်းဆောင်တဦးကလည်းပြောပါတယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ သမဂ္ဂခေါင်းဆောင်တဦးက “ကျနော်တို့ ပြောချင်တာက အလုပ်သမား မှားတယ်၊ မှန်တယ်ဆိုတာကို အလုပ်ရှင်တွေက ဘယ်ရပ်တည်ချက်နဲ့ ပြောတာလဲ။ အလုပ်ရှင်တွေဆိုတာက ဘယ်ဟာမဆို အလုပ်သမား မှားတယ် ဆိုတဲ့ဘက်ကပဲ သူတို့က အမြင်ရှိကြတာနော်။ ဆိုတော့ (အထည်ချုပ်အသင်း) လုပ်ငန်းရှင် အဖွဲ့အစည်းအနေနဲ့ ဒီလို ကိစ္စရပ်တွေအပေါ်မှာ ညှိနှိုင်း ဖျန်ဖြေပေးမယ်ဆိုတဲ့ ပြောဆိုချက်ကို  ကျနော်တို့တော့ အယုံအကြည် မရှိဘူး။ ဘာကြောင့် အယုံအကြည် မရှိဘူးလို့ ပြောရတာလဲဆိုရင် ဒါက ကျနော်တို့ ဘဝနဲ့ တွေ့ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ချိန်ထိုးပြီး ပြောတာမို့လို့ပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အမှုဆောင်အရာရှိတဦးလည်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်လည်းဖြစ်သူတဦးကတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်တွေအကုန်လုံး လိုက်နာဖို့ လိုပါတယ်လို့ မှတ်ချက် ပေးပါတယ်။

“ကျနော်တို့ဆီမှာ နဂိုကတည်းက ဒါတွေနဲ့ပတ်သက်ပြီး လိုက်နာရမယ့်စံနှုန်းတွေ ထားပြီးသားပါ။ ဒါကို ထက်ပြီးတော့ ကျယ်ပြန့်ဖို့အတွက် လုပ်တဲ့ သဘောပါ။ ကျနော်တို့က ထိန်းညှိပေးဖို့ပေါ့နော်။ နစ်နာသူကလည်း နစ်နာတဲ့ကိစ္စကို တိုင်တန်းလို့ ရှိရင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက သက်ဆိုင်ရာ အုပ်ချုပ်သူရဲ့ စက်ရုံအခြေအနေကို ဒီမှာတော့ ဘယ်လို ဖြစ်နေပါတယ် ဆိုပြီး အကြံပြုတဲ့သဘောနဲ့ ဆောင်ရွက်မှာပေါ့။ သဘောက မီးပွား အသေးလေးကနေ အကြီးဖြစ်မလာဖို့ပေါ့နော်။ ဒီလို ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ပြီးတော့ ကျနော်တို့ လုပ်သားတွေပေါ့၊ နိုင်ငံသားတွေရဲ့အခွင့်အရေးကို ပြည်တွင်းလုပ်ငန်းရှင်ပဲဖြစ်ဖြစ် ပြည်ပလုပ်ငန်းရှင်ပဲဖြစ်ဖြစ် သူတို့အကုန်လုံးဟာ ကျနော်တို့ဆီက ဥပဒေတွေကို လေးစားလိုက်နာဖို့တော့ လိုပါတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံတည်ထောင်ပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ဦးရေဟာ ၇၈၇ ဦး ရှိတယ်လို့  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up