close

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ ပြန်ဖမ်းဆီး

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁ နာရီခွဲလောက်က ပြန်လည်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Air သံလွင် လေကြောင်းလိုင်းနဲ့ မြစ်ကြီးနားလေဆိပ်ကို ပြန်လည်ရောက်ရှိလာချိန်မှာ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

“မန္တလေးကနေ လေယာဥ်ပေါ်ပါသွားတယ် ဆိုတာတော့ အတိအကျ သိရတယ်။ ဒီရောက်မှ အခြေအနေတွေ မေးမလို့ လုပ်ထားတာ။ လေယာဥ်ပေါ်တက်တဲ့ ခရီးသည်နာမည် စာရင်းမှာလည်း ပါတယ်။ လူကိုတော့ မတွေ့ဘူး။ လေယာဥ်ပေါ်ပါလာတဲ့သူတချို့ ပြောတာတော့ သူ့ကို တခြားလမ်းကနေ သီးသန့်ခေါ်သွားတာ တွေ့လိုက်တဲ့သူတွေ ရှိတယ်။”

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခွဲလောက်က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရတဲ့ အကြောင်းရင်းမှာ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားခံရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ ပြန်လွှတ်လိုက်ပြီဆိုပြီး မြစ်ကြီးနာကို ပြန်လာတာ။ လေဆိပ်မှာပဲ စစ်ဆေးစရာရှိတယ် ဆိုပြီး လေဆိပ်ကနေ တခါတည်းခေါ်သွားတာ။ ခုထိ အဆက်အသွယ် မရသေးဘူး။ အိမ်ကိုလည်း ပြန်မရောက်သေးဘူး။ ဖြစ်နိုင်တာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ခေါ်သွားတာလားပဲ။”

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုသဖို့အတွက် ထွက်ခွာစဉ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ KBC အသိုင်းအဝိုင်းက သိရပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အတွင်းရေးမှူးအဖြစ် ၈ နှစ်၊ ဥက္ကဋ္ဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က လူနည်းစု တိုင်းရင်းသားတွေအပေါ် စစ်ကောင်စီက ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို တင်ပြချက်အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ အမှုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် စစ်ကောင်စီဥက္ကဋ္ဌက ဒေါက်တာခလမ်ဆမ်ဆွန် ဦးဆောင်တဲ့ KBC အဖွဲ့ကို တွေ့ဆုံခဲ့ပြီး စစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် ဆွေးနွေးခဲ့မှုတွေ ရှိခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က အဲ့ဒီဆွေးနွေးတွေ့ဆုံမှုမှာ စစ်ရှောင်တွေ နေရပ်ပြန်နိုင်အောင် ကူညီပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up