အီရန်အမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ အာဏာပိုင်များကို ဖိအားပေးရန် ၃ ရက် သပိတ်မှောက်မည်

အီရန်အမျိုးသမီး မာရှာအာမာနီကို အီရန်ကျင့်ဝတ်ထိန်းသိမ်းရေးရဲတွေက ဖမ်းဆီးထိန်းသိမ်း ထားချိန်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေဟာ အီရန်အာဏာပိုင်တွေကို တုန်လှုပ်ချောက်ခြားစေခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ၁၉၇၉ ခုနှစ်၊ တော်လှန်ရေးနောက်ပိုင်း အစ္စလာမ်မစ်သမ္မတနိုင်ငံအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှု တွေထဲက တခုပါ။
ဒီအမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးခဲ့တဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေဟာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေကို တားဆီးပိတ်ပင်နိုင်ခဲ့ပြီလို့ အစိုးရ ရှေ့နေ့က ပြောဆိုခဲ့တာကြောင့် အာဏာပိုင်တွေကို ဖိအားပေးနိုင်ဖို့ နောက်တဆင့်အနေနဲ့ ဒီအပတ်ထဲမှာ သုံးရက်ကြာ သပိတ်မှောက်ဖို့ ဆန္ဒပြည်သူတွေက ဒီဇင်ဘာလ ၄ ရက်မှာ ဆော်သြခဲ့ပါတယ်။
နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်မှာပါဝင်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပြီးနောက် မြို့ အများအပြားက ဆိုင်တွေဟာလည်း ဒီဇင်ဘာ ၅ ရက်မှာ ဆိုင်တံခါးပိတ်ပြီး သပိတ်မှာ ပါဝင်ခဲ့ကြတာပါ။
ဟီဂျပ်ဝတ်ဆင်မှုစည်းမျဉ်း ချိုးဖောက်တယ်ဆိုပြီး ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကြောင့် အသက် ၂၂နှစ်အရွယ် အာမာနီ သေဆုံးပြီးကတည်းကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရာနဲ့ချီတဲ့ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။
အီရန်အုပ်ချုပ်သူတွေဟာ နိုင်ငံမှာ သီတင်းပတ်ချီဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကနေ ကျော်လွှား နိုင်မယ်၊ လာမယ့်နှစ်တွေအထိ အာဏာဆက်ရှိနိုင်မယ်လို့ ခန့်မှန်းထားတယ်လို့ အစ္စရေးထိပ်တန်း ထောက်လှမ်းရေး လေ့လာ သုံးသပ်သူတစ်ဦးက ဒီဇင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဗိုလ်မှူးချုပ် အာမစ် ဆားရ်က "ဖိနှိပ်ချုပ်ချယ်တဲ့ အီရန်အစိုးရဟာ ဒီဆန္ဒပြပွဲတွေကြားကနေ ရှင်သန်နိုင်အောင် စွမ်းဆောင်နိုင်မယ်လို့ ထင်ရပါတယ်။" လို့ စစ်ထောက်လှမ်းရေး တတ်သိပညာရှင်အဖွဲ့ ဂါဇစ် ဌာနကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆန္ဒပြပွဲတွေ လျော့သွားရင်တောင် (သူတို့အတွက်) အကြောင်းပြချက်တွေ ကျန်နေလိမ့်မယ်၊ ဒါကြောင့် အီရန်အစိုးရဟာ နောင်နှစ်ပေါင်းများစွာ ပြဿနာရှိနေမယ်လို့ထင်တယ်လို့လည်း အာမစ်ဆားရ်က ပြောပါတယ်။