နေတိုးအဖွဲ့သည် ရုရှားအတွက် ပြင်းထန်သည့်ခြိမ်းခြောက်မှုဟု နိုင်ငံခြားရေးဝန်ကြီးပြော

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ဟာ ရုရှားအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလ်လာ့ဗ်ရော့ဗ်က ဒီဇင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။
အနောက်အုပ်စုရဲ့ ရပ်တည်ချက်တွေဟာ ကပ်ဘေးဆိုးတွေနဲ့အတူ နျူကလီးယားအင်အားကြီး နိုင်ငံတွေကြား တိုက်ရိုက် ထိပ်တိုက်တွေ့မယ့် အန္တရာယ်ကို ကျရောက်စေတယ်လို့လည်း သူက ပြောပါတယ်။
နျူကလီးယားလက်နက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ အများကြီးရှိတဲ့ ရုရှအစိုးရနဲ့ ဆွေးနွေးဖို့ကို အမေရိကန်က ပယ်ချခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုမရှိရင် ကမ္ဘာ့လုံခြုံရေး အန္တရာယ် ကြီးထွားလာမယ့် ဘေးတွေ ရှိနေတယ်လို့လည်း လာ့ဗ်ရော့ဗ် က ပြောခဲ့ပါတယ်။
အကြီးမားဆုံးနျူကလီးယားလက်နက်တိုက်တွေကို ပိုင်ဆိုင်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ အထူးတာဝန်ယူထားတဲ့ ရုရှားနဲ့ အမေရိကန်တို့ကြား မဟာဗျူဟာ ကျတဲ့ ဆွေးနွေးပွဲကို ခုအချိန်မှာ အမေရိကန် အစိုးရက ရပ်ထားတယ်လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။
“လက်ရှိ နိုင်ငံတကာ တင်းမာမှုတွေရဲ့ တွန်းအားတွေထဲက တစ်ခုကတော့ အနောက်နိုင်ငံတွေက ရုရှားကို မူဝါဒဆိုင်ရာ လုံခြုံရေး အာမခံချက် ပေးအပ်ဖို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အဆိုပြုချက်ကို နေတိုးက မောက်မောက်မာမာ ငြင်းခဲ့တာပဲ”လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြော ပါတယ်။