နျူအင်အားကြီးနိုင်ငံများ စစ်ရေးထိပ်တိုက်တွေ့မှုရှောင်ရန် အရေးကြီးဟု ရုရှားပြော

နျူးကလီးယား အင်အားကြီးနိုင်ငံတွေကြား စစ်ရေးအရ ထိပ်တိုက်တွေ့တာမျိုးကို ရှောင်ရှားဖို့ အရေးကြီးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က နိုဝင်ဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
လာ့ဗရော့ဗ်ဟာ မော်စကိုမှာ အနာဂတ်အတွက် ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်မှာ ပါဝင်တက်ရောက်လာသူတွေကို ပြောကြားခဲ့တာဖြစ်ပြီး သူ့ရဲ့ အဲဒီမှတ်ချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာလည်း လွှင့်တင်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေဟာ ရုရှားကို ဆက်လက်ဆန့်ကျင်တိုက်ခိုက်ဖို့ ယူကရိန်းကို တွန်းအားပေးနေတယ်လို့လည်း လာ့ဗရော့ဗ်က ဆိုပါတယ်။
“သမားရိုးကျ လက်နက်တွေကို သုံးရင်တောင်မှ နျူးကလီးယား အင်အားကြီးနိုင်ငံတွေကြား စစ်ရေးအရ ထိပ်တိုက်တွေ့တာမျိုးကို ရှောင်ရှားဖို့လိုအပ်တယ်။ အရှိန်မြင့်လာရင် ထိန်းချုပ်လို့မရနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်။”
အဏုမြူစစ်ပွဲမှာ ဘယ်သူမှ အောင်နိုင်သူမဖြစ်နိုင်ဘဲ ဘယ်တော့မှလည်း အဆုံးမသတ်ဘူး ဆိုတဲ့ ရီဂင်-ဂေါ်ဘာချော့ဗ် ဖော်မြူလာကို ရုရှားနဲ့ အမေရိကန် သမ္မတတွေဖြစ်ကြတဲ့ ဗလာဒီမီယာ ပူတင်နဲ့ ဂျိုးဘိုင်ဒင်တို့ဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ အတည်ပြုခဲ့ကြောင်းကို သတိပေးချင်တယ်လို့လည်း သူကဆိုပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေဟာ ရုရှားကို တိုက်ထုတ်ဖို့ ယူကရိန်းကို မကြုံစဘူး စစ်ရေးထောက်ပံ့မှုတွေ ပံ့ပိုးပေးခဲ့ပါတယ်။
ဒါဟာ နေတိုးကို ပဋိပက္ခထဲ ဆွဲသွင်းတာလို့ မော်စကိုက အရင်ကတည်းက ပြောထားဖူးပြီး နှစ်ဖက်စလုံးက တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားဖို့ အရေးကြီးကြောင်း အလေးပေး ပြောဆိုခဲ့ကြပါတယ်။