တရုတ်သမ္မတဟောင်း ကျန်ဇီမင်း၏ ရုပ်အလောင်းကို ဘေဂျင်းတွင် မီးသင်္ဂြိုဟ်

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့တဲ့ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၅ ရက်က တရုတ်မြို့တော် ဘေဂျင်းရဲ့ အနောက်ဘက် ပါးပေါင်ရှန်း တော်လှန်ရေး သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ တခြားခေါင်းဆောင်တွေနဲ့ ပြည်နယ်အစိုးရတို့ဟာ ရဲဘော်ကျန်ဇီမင်းကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အထွေထွေရောဂါကုဆေးရုံမှာ အလေးပြုခဲ့ကြပြီး ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ဖို့ သုသာန်ဆီ သယ်သွားခဲ့ကြပါတယ်။
ကွယ်လွန်သူခေါင်းဆောင်ဟောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရှီနဲ့ တခြားသူတွေဟာ ဆေးရုံရဲ့ နှုတ်ဆက်ခန်းထဲမှာ ကျန်ဇီမင်းရဲ့ ရုပ်အလောင်းကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်ခဲ့ကြတာပါ။
ကျန်ဇီမင်းရဲ့ ဇနီး ဝမ်ယိပင်းနဲ့ တခြားဆွေမျိုးသားချင်းတွေအတွက်လည်း ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။
အဲဒီနောက် နာရီဝက်အကြာမှာ ကျန်းရဲ့ ရုပ်အလောင်းကို ရှီကျင့်ဖျင်၊ ပါတီနဲ့ ပြည်နယ်ဆိုင်ရာ တခြားခေါင်းဆောင်တွေ၊ ကျန်ဇီမင်းရဲ့ ဈာပနကော်မတီ အဖွဲ့ဝင်တွေနဲ့ သူ့ရဲ့ မိသားစုတွေက ပါးပေါင်ရှန်း တော်လှန်ရေးသချိုင်းဆီ ပို့ဆောင်ခဲ့ပါတယ်။
ကျန်ဇီမင်းဟာ သွေးကင်ဆာနဲ့ ကိုယ်တွင်းအင်္ဂ အများအပြား ချို့ယွင်းမှုကြောင့် အသက် ၉၆ နှစ်အရွယ်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းမြို့မှာ ကွယ်လွန်ခဲ့ ပါတယ်။
ကျန်ဇီမင်းဟာ ပါတီတစ်ခုလုံး၊ တပ်မတော်တစ်ခုလုံးနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံက တရုတ် နိုင်ငံသားတွေ အသိအမှတ် ပြုခံထားရတဲ့ ဂုဏ်သိက္ခာမြင့်မားပြီး ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ချီးကျူးခံထားရပါတယ်။
ကျန်ဇီမင်းအတွက် အောက်မေ့ဖွယ် အစည်းအဝေးကို အင်္ဂါနေ့မှာ ပေကျင်းမြို့တော်က ပြည်သူ့ခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။