ကမ္ဘာ့ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ကုလအကြီးအကဲ သတိပေး

ကမ္ဘာ့ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်ကို ညှိနှိုင်းဖို့ ကမ္ဘာ့နိုင်ငံတွေက ပြင်ဆင်နေချိန်မှာ ကုလသမဂ္ဂ အကြီးအကဲက “ဆုံရှုံးစရာ အချိန်တောင် မရှိတော့ဘူး” လို့ သတိပေး ပြောကြားလိုက်ပါတယ်။
လူသားတွေဟာ အစုလိုက်အပြုံလိုက် မျိုးသုဉ်းပျောက်ကွယ်စေတဲ့ လက်နက်တခု ဖြစ်လာပြီလို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကနေဒါနိုင်ငံ မွန်ထရီရယ်မှာ မနေ့ကကျင်းပတဲ့ COP15 ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။
“ဒီဖျက်ဆီးမှုကြီးကို ရပ်တန့်ဖို့အတွက် ဒီညီလာခံက ကျနော်တို့ရဲ့ အခွင့်အရေးပါပဲ” လို့ သူကပြောပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုးက “အစိုးရတွေကြားမှာ သဘောထားကွဲလွဲမှုတွေ အများကြီးရှိပေမဲ့ သဘာဝကို အကာအကွယ်ပေးရေးလောက် အခြေခံကျတဲ့ အရာတခုခုကို ကမ္ဘာတခုလုံးက သဘောမတူနိုင်ရင် တခြား ဘာမှ အရေးမကြီးတော့ပါဘူး” လို့ ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
စေ့စပ်ညှိနှိုင်းသူတွေဟာ အခုလက်ရှိအချိန်ထက် ၂၀၃၀ ခုနှစ်မှာ တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ ကျန်းမာတဲ့ ဂေဟစနစ်တွေနဲ့ ပိုပြီး သဘာဝအတိုင်း ရှိနေစေမယ့် သဘောတူညီချက်တခုကို ၂ ပတ်ကြာကျင်းပမယ့် ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ ရရှိမယ်လို့ မျှော်လင့်နေကြပါတယ်။